Thursday, August 13, 2009

အတ္တကြီးသူများသို့

မပြေလည်မွန်းကျပ်တဲ့ ဘ၀ကိုစွန့်ခွာ
မျှတတဲ့ လွတ်လပ်မှုတွေကို တောင်းတတပ်မက်လွန်းလို့
ကျနော်ဟာ … အိပ်ယာအသစ်ရှာဖို့
အဝေးကိုပြေးထွက်ခဲ့သူတယောက်ပါ့  ။
တကယ်ပါ ဗိုလ်နေ၀င်းဆိုတဲ့ စစ်အာဏာရူး အာဏာသိမ်းပြီး
ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ
ကြီးပြင်းလာခဲ့ရသူတယောက်ပေမို့
အစစအရာရာ အတွေ့အကြုံတွေကလည်း
ပြည့်စုံလုံလောက်အောင်
ပါမလာခဲ့တာကတော့အမှန့့်  ။
အဲ့ဒီနောက် … ဆက်လှန်လာခဲ့တဲ့ စာမျက်နှာတွေမှာတော့
အတွေ့အကြုံကောင်းတချို့
ဘ၀အတွက် ဗဟုသုတကောင်းတချို့
ကောင်းကောင်းကြီး ထပ်တိုးလာခဲ့တာကတော့
တကယ့်အမှန်တရားပါ့  ။
ယဉ်ကျေးသိမ်မွေ့ချင်ပါတယ်
ဒါပေမယ့် ဘ၀အတွေ့အကြုံတချို့အရ
တကိုယ်ကောင်း အတ္တကြီးသူတွေအတွက်
ခပ်ရင့်ရင့်စကားလုံးတွေကို ကျုပ်သုံးပါရစေ
ကျုပ်သုံးတဲ့ စကားလုံးတွေကို
မိတ်ဆွေနားလည်မှုပေးပြီး
ကျုပ်ကဗျာကို နှလုံးသားနဲ့ဖတ်ကြပါလေ …။
လက်ရှိဖြစ်တည်နေတဲ့ဒီဘ၀မှာ
ကျုပ်လေ…. ငရဲဆိုတာကို မရောက်ဘူးခဲ့ပါ
ဒါပေမယ့် … အဲ့ဒီ စနစ်ဆိုးရဲ့အောက်မှာ
သိနားလည်သူတွေခံစားနေရတာ
ငရဲတမျှ ပူပြင်းလှတာ အမှန်ပါ … အမှန်ပါ
တကယ်ဆိုရင် … အမှားပြုမိတတ်ကြတာ
လောကရဲ့ သဘာဝပေမို့ လောကီသားတိုင်း
အနည်းနဲ့ အများဆိုသလို
အမှားနဲ့မကင်းတတ်ကြတာ လောကရဲ့သဘာဝပါ။
ဒါပေမဲ့ကွာ … အမှားကိုသိပြီး အမှန်ကို မပြင်နိုင်
တကိုယ်ကောင်း အတ္တကြီးစိုးလွန်းပြီး
ဆင်ကန်းတောတိုး သိရက်နဲ့ ဆက်မိုက်နေကြသူတွေကိုတော့
ကျုပ် ရွံ့မုန်း မုန်းတဲ့ စာရင်းမှာထည့်ထားရဲ့  ။
ဆက်လျှောက်နေအုံးမှာပါ …
ခရီးလမ်းတွေ ဆုံးသည့်အထိပေါ့
တိုက်ခိုက်ရအုံးမယ် အမှန်တရားဆိုတဲ့
မျှတတဲ့ လွတ်လပ်မှုအတွက်
ကြည့်လိုက်စမ်းပါ ရိုင်းလိုက်တာကွာ
ကိုယ့်ကိုကိယ်ုစိတ်မလုံ
ကိုယ့် ကိုယ်ကျင့်တရားကိုတောင် ကိုယ်မယုံကြည်ကြသူတွေ
တခါတလေလည်း ဒင်းတို့က စာမျက်နှာတွေကို
တရွက်ခြင်းကျေအောင်မဖတ်
စာမျက်နှာတွေကို အထပ်လိုက်အထပ်လိုက် ကျော်လှန်ဖို့
အကြိမ်ကြိမ်အခါခါ ကြိုးစားနေကြလေရဲ့  ။
အထီးကျန်မဟုတ်ဘူးဟေ့ …
အသိုင်းအ၀ိုင်းနဲ့ကွ
အာဏာကို သေနတ်ပြောင်းကထုတ်
ပြည်သူတွေကို အကြောက်တရားနဲ့
အုပ်ချုပ်နေသူတွေကို ရရာလက်နက်ကိုကိုင်
ကျရာအခန်းက အမြစ်ပြုတ်အောင် တော်လှန်သွားမယ် …။ ။ x x x x x
ဇာနည်မောင် ၆၊ ၈၊ ၂၀၀၇

No comments:

Post a Comment