Wednesday, August 25, 2010

“ အလွမ်းရင့် ”



ပျော်ရာမှာမနေရ -----
တော်ရာမှာပဲနေရတဲ့ ဘ၀ပေမို့
အချိန်တိုင်းနီးပါး
အမိမြေကိုလွမ်းတယ် --- ။
အတွေ့အကြုံတွေက -----
မပြည့်စုံသေးပေမယ့်
မျှတတဲ့လွတ်လပ်မှုတွေကိုတော့
လူသားတိုင်းပဲလိုလားကြတယ် --- ။
အာဏာနဲ့ငွေက -----
လူကိုဖျက်တယ်ဆိုတဲ့စကား မှန်လေသလား
ကျုပ်တို့တိုင်းပြည်မှာတော့
ဘ၀တ၀က်စံ
စစ်ဗိုလ်ညစ်တွေက
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
ပုံစံမျိုးတွေနဲ့
ပြည်သူတွေကိုအမျိုးမျိုး
အယုံသွင်းကာလှည့်စား
လာပြန်ပြီဟေ့ ---
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲတဲ့ --- ။
ပြည်သူ့နှလုံးကိုသိမ်းကျုံးမယူပဲ -----
ဒင်းတို့လူတွေအနိုင်ရရေးအတွက်
အချိန်သိပ်မပေးကာ
ဒရောသောပါးလုပ်မယ့်
မျှတမှုလုံးဝမရှိတဲ့ရွေးကောက်ပွဲ --- ။
အမိန့်အာဏာတွေနဲ့ -----
အလိမ်အညာတွေအောက်မှာ
ပေတုံးလိုပဲလှိမ့်ခံနေရတဲ့ပြည်သူတွေ
အသွင်ပြောင်းကာတူပြန်ဖြစ်ဖို့
နှစ်ပေါင်းဘယ်လောက်များတောင်
ဆက်ကာအထုခံနေရအုံးမှာလဲ --- ။
တကယ်ပြောတာပါ -----
ဆွေမျိုးသားချင်းတွေနဲ့
ထမင်းလက်ဆုံအတူပြန်စားနိုင်ဖို့အတွက်
ရှိသမျှ၊သိသမျှ
ကိုယ်စွမ်းဥာဏ်စွမ်းတွေနဲ့
အခုအချိန်မှာတော့
မြန်မာ့ဒီမိုကရေစီအရေးကို
တတ်စွမ်းသမျှ နိုင်တဲ့ဖက်က
အဝေးကနေပဲ ပါဝင်ကူညီနေတယ် --- ။

          ဇာနည်မောင်

Tuesday, August 24, 2010

“ ယုံကြည်ရာလမ်း ”



အသိဥာဏ်ရှိတဲ့လူသားတွေရဲ့ဘ၀ -----
ဒေါင်ကျကျ၊ပြားကျကျ
လွတ်လပ်စွာနဲ့
အသက်ရှင်နေထိုင်နိုင်ဖို့က အဓိက --- ။
စားဝတ်နေမှု -----
အဲ့ဒီသုံးခု
ပြည့်စုံနေလည်း
ပြောဆို၊ရေးသား
လွတ်လပ်စွာသွားလာခွင့်မရရင်လည်း
အသက်ရှင်လျှက်နဲ့
ဘ၀ဟာ --- အကြောက်တရားတွေကြောင့်
သေနေရတာနဲ့အတူတူပဲ --- ။
ကျိန်စာတွေကြောင့်လား -----
ဝဋ်ကြွေးတွေကြောင့်ပဲလား
ပျော်ရာမှာမနေရ
တော်ရာမှာနေရတဲ့ဘ၀ --- ။
အညာမြေမှာမွေးတဲ့ -----
ထောင့်သုံးရာပြည့်ဖွား အမေ့ရဲ့စကား ---
သား - ကိုယ်တိုင်အရွယ်ရောက်ကာ
ဘ၀တိုက်ပွဲတွေကိုဝင်ရမှပဲ
အမှန်တရားတွေချည်းပဲဆိုတာ သိလာခဲ့တယ် --- ။
လုပ်ချင်တာတွေ -----
ဖြစ်ချင်တာတွေများနေလွန်းလို့
တခါတလေမှာလည်း
အသေးအမွှားအရာတွေကို
ဥပေက္ခာပြုကာ
လစ်လျှူရှု့ခဲ့ရတယ် --- ။
လူတွေနဲ့ပေါင်းသင်းဆက်ဆံ -----
ပြောဆိုဆက်ဆံတဲ့အခါမှာ
တခါတလေမှာအခြေအနေအရ
အလိမ်အညာတချို့သုံးခဲ့ရပေမယ့်
ခိုင်မာတဲ့ယုံကြည်ချက်တခုအတွက်ဆိုရင်တော့
ခေါင်းလည်းမာတယ်
ဒူးလည်းတောင့်တယ်
လက်လည်းမမြှောက်ပဲ
အုတ်နံ့ရံကိုတူနဲ့ ထုဖြိုဖို့စိတ်ပဲ
အမြဲတမ်းမွေးထားတယ် --- ။

                ဇာနည်မောင်

Monday, August 23, 2010

“ ဒဏ်ရာ ”



ခရီးတွေကမဆုံးသေးဘူး -----
ဘ၀အတွေ့အကြုံကောင်းတချို့ရလာတဲ့အချိန်မှာ
ဦးနှောက်နဲ့နှလုံးသားကို
မျှတအောင်ထားတတ်လာကာ
အမှားနဲ့အမှန်ကို
ကိုယ်ပိုင်အသိနဲ့ခွဲခြားလာတတ်ခဲ့တယ် --- ။
ဆယ်ကျော်သက်ကအမှားတခုကို -----
နှစ်ဆယ်ကျော်အရွယ်မှပြန်သိ
အဲ့ဒီနှစ်ဆယ်ကျော်ကအမှားကိုလည်း
သုံးဆယ်ကျော်မှပြန်သိတဲ့
နုံချာသူတယောက်ရဲ့သမိုင်း
အမြဲတမ်းဆက်မမှားအောင်
ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ဖို့တော့လိုတယ် --- ။
ဒဏ်ရာအနာတရများနဲ့ဘ၀ -----
တခါတလေမှာ ဒဏ်ရာတွေကိုပွတ်သပ်
ဟောင်းသွားတဲ့ အသစ်
ပြယ်သွားတဲ့ ရနံ့
ပြစ်သွားတဲ့ ချစ်သူတို့က
ထိုင်လွမ်းနေစရာတွေမဟုတ်လို့
ခရီးလမ်းပဲဆက်ကာလှမ်းမယ် --- ။
မညီမျှတဲ့လောကဓံတရားကို -----
အန်တုကာစိမ်မခေါ်ခဲ့ပေမယ့်
မြေပြင်ရဲ့အတိဒုက္ခတွေကို
ယောင်္ကျားမိန်းမတို့ရဲ့စွမ်းပကားတွေနဲ့
ဝိုင်းဝန်းကာပြုပြင်ပြောင်းလဲနိုင်ဖို့
သွေးချင်းညီကြသူတွေနဲ့ပေါင်းစည်းလို့
တတ်စွမ်းသမျှကောင်းကျိုးပြုခဲ့တယ် --- ။
ဆိုးညစ်လှတဲ့အတိတ်အကြောင်းတွေကို -----
ပြန်ကာတွေးလိုက်ရင်တော့ မနေ့ကလိုပါပဲ
ဒဏ်ရာဆိုတာက့ 
ဘ၀အတွက်တွန်းကန်အားပေမို့
အရှုံးတွေနဲ့ဆက်ကာမမှားရအောင်
အားမာန်သစ်တွေနဲ့ရှေ့ဆက်ချီမယ် --- ။
ဘုရားသခင်ရဲ့အလိုတော်မရှိသေးလို့ -----
ပြဿနာတွေထွေပြားလှတဲ့ ဒီကမ္ဘာမြေမှာ
မှားပြီးရင်းမမှား
အမှားတွေထပ်မမှားရအောင်
စိတ်ဓါတ်ကို ဆယ်တန်းအောင် အောင်ထားပြီး
ပြောဆိုဆက်ဆံ
ပြုမူလုပ်ဆောင်သွားမယ် --- ။

                            ဇာနည်မောင်

Thursday, August 19, 2010

“ နှစ်ထောင့်တဆယ်ရွေးကောက်ပွဲ ”





                            
နီးလာပြီလေ -----
ယူနီဖောင်းချွတ်
စစ်ဗိုလ်တွေကိုပဲ
အနိုင်ရအောင်လုပ်ကာ
အာဏာပြန်လွှဲပေးမယ့်
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲ --- ။
အခုအချိန်မှာ -----
တချိန်တုန်းက
မျှော်လင့်ချက်နဲ့
ဝင်ပြိုင်ကြမယ့်သူတွေတောင်
အချိန်နဲ့ငွေကြေး
အလုံအလောက်မဖြစ်ကြသေးလို့
ငြီးကြငြူကြ စာတင်ကြနဲ့
အယုံအကြည်မရှိတော့လို့
ဝင်မပြိုင်တော့ပဲ
နုတ်ထွက်သူတောင်မှပဲ
နုတ်ထွက်သွားကြတယ် --- ။
အသံတွေလည်းကြားနေရတယ်
လက်တွေ့မြင်သူတွေလည်းမြင်နေကြတယ်
အရည်ခွံချွတ်တွေခေါင်းဆောင်တဲ့
ကြံ့ဖွံ့ပါတီကို
အနိုင်ရအောင်လုပ်မယ့်ပွဲ --- ။
ယခုပြိုင်မယ့် -----
ဒီပွဲမှာက
ပြည်သူ့နှလုံးကို
မစည်းရုံးနိုင်လည်း
စစ်ခေါင်းဆောင်တွေရဲ့နောင်ရေး
ရတက်အေးရအောင်
ကိုယ့်လူကိုကိုယ်အနိုင်ရအောင်ပြန်လုပ်ပေးကာ
ကွာကွယ်ရေးဦးစီးချုပ်အလိုမကျရင်
အာဏာပြန်သိမ်းခွင့်ရှိတယ်ဆိုတဲ့
နှစ်ထောင်ရှစ်ဖွဲ့စည်းပုံနဲ့
ကျင်းပပြုလုပ်မယ့်
တရားမမျှတဲ့ရွေးကောက်ပွဲ --- ။

                   ဇာနည်မောင်

Monday, August 16, 2010

“ တုန့်ပြန်မှုအဖြေ ”


အတိတ်ဟောင်းကို -----
ပြန်တမ်းတတာတော့မဟုတ်
ဒါပေမယ့် ဗျာ
ပြန်အစားထိုးလို့မရတဲ့
အချိန်တွေအတွက်ကတော့
နှမျှောတသ၀မ်းနည်းလျှက်ပါ --- ။
စနစ်ဆိုးရဲ့အောက်မှာပဲ -----
မရှိမရှားဆင်းရဲသားမိသားစုပေမို့
ကျောင်းတက်ကာစ သားတွေကို
အမေဟာမနက်တိုင်းလွယ်အိတ်တွေလွယ်ကာပေးလို့
မုန့်ဖိုးတယောက်ကို ဆယ်ပြားစီပေးခဲ့တာ
အမေ့ကိုလွမ်းတိုင်းသတိရတယ် --- ။
ရေခြားမြေခြား တိုင်းတပါးမှာ -----
မပျော်ပေမယ့် အခြေအနေအရတော့
ပျော်အောင်နေခဲ့ရတယ် --- ။
အာဏာကိုသေနတ်ပြောင်းကထုတ်တဲ့ -----
ယခုခေတ်မိစ္ဆာတွေရဲ့လက်အောက်မှာ
မနေနိုင်ကြတဲ့ အဝေးရောက် အိမ်လွမ်းသူတွေရဲ့
မေတ္တာတွေနဲ့ ကျိန်စာတွေကတော့
ဒင်းတို့အတွက် ၀နေလောက်ရောပေါ့
ပြည်သူ့သဘောထားတွေကို ဥပေက္ခာထား
ထိုင်ခုံမြဲရေးအတွက်ပဲ အဓိကထားနေကြတဲ့
မေတ္တာတရားခေါင်းပါးသူ လူတစုကတော့
သကြားသာသနာခေတ်ပေမို့
ဘ၀မကူးခင် ၀ဋ်ပြန်လည်တော့မယ် --- ။
အတွေးအခေါ်အသိတရားခေါင်းပါးလွန်းလို့ -----
နောက်လိုက်လူရမ်းကား
သူလျှိုတွေမွေးကာ အုပ်ချုပ်နေတဲ့အစိုးရ
အများပြည်သူ မကြည်ဖြူတာသဘာဝမို့
ပြည်သူတွေဒဏ်ပြန်ခတ်တာကို
နောက်ဘ၀မကူးခင်
ဒင်းတို့လူတစု ပြန်ခံရပေတော့မယ် --- ။

             ဇာနည်မောင်

Thursday, August 12, 2010

“ အမှောင်ကိုခွင်းတဲ့အလင်း ”


ကိုယ်ပိုင်အတ္တတွေအတွက် -----
လိုချင်တဲ့အရာအားလုံးကိုသိမ်းပိုက်ဖို့
ဥာဏ်ပရိယာယ်တွေဆင်ကာသုံး
တခါတလေမှာလည်း
အင်အားသုံးလို့ဖြိုခွင်းရတာက
မမျှတလွန်းလို့ပင်ပန်းလှသပ --- ။
ကျနော်ဆိုတဲ့ကောင်ကလည်း -----
မလောက်လေးမလောက်စား
မတောက်တခေါက်ပညာလေးနဲ့
မြန်မာ့အရေးကို
တတ်စွမ်းသမျှအကျိုးဆောင်ကူမယ်ဆိုတော့
ပညာရှင်နိုင်ငံရေးသမားတွေကြားရင်
ရယ်သွမ်းစရာပ --- ။
အတွေးအခေါ်ကောင်းတချို့ကိုချီဆောင် -----
ယုံကြည်ချက်တွေခိုင်မြဲနေတော့
မသမာသူတွေရဲ့လှည့်စားမှုတွေအောက်တော့
မရောက်ရေးချ ဘယ်တော့မှမရောက်
လက်ရှိအခြေအနေမှာတော့
ကိုယ်ယုံကြည်ရာတချို့ကို
လက်လှမ်းမှီသူတွေသိအောင်ချပြ
လွတ်လပ်မှုကိုလိုလားသူတယောက်ရဲ့ဘ၀ --- ။
ရေရှည်ဘ၀အရေးမှာ -----
စိတ်အေးအေးလေးနေသွားရအောင်
မမျှတတဲ့အတ္တတွေကို
ပြန်အံထုတ်ရတဲ့အဆင့်အထိမရောက်အောင်
ကိုယ်ပိုင်အသိနဲ့ကြိုတင်ဟန့်တား
နောင်မျိုးဆက်တွေမှာအစွန်းအထင်းမများရစေဖို့
တတ်စွမ်းသမျှသယ်ပိုးလမ်းပြကူမယ် --- ။
အတိတ်ကလုပ်ရပ်တွေကိုပြန်တွေး -----
လက်ရှိမှာလည်းမပြင်နိုင်ကြသေးသူတွေကတော့
အနာဂတ်အတွက်သွေးပျက်နေကြမှာပေါ့ --- ။
အများတကာလေးစားကြတဲ့ -----
ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား
“ ရရင်ရမရရင်ချ ” ဆိုတဲ့နောက်ကွယ်မှာ
လိုချင်တဲ့လွတ်လပ်ရေးကိုရယူဖို့
အခြေအနေအချိန်အခါအရ
ပြုပြင်ပြောင်းလဲသင့်တဲ့နေရာမှာပြုပြင်ပြောင်းလဲကာ
မြန်မာ့လွတ်လပ်ရေးရအောင်
ဗိုလ်ချုပ်အောင်ဆန်း အကျိုးဆောင်ပေးခဲ့တယ် --- ။

                       ဇာနည်မောင်

Tuesday, August 10, 2010

“ မာန် - - - သတိ ”



အကွက်ရွှေ့မှားရင် -----
အစားခံရမယ့်
စစ်တုရင်ပွဲမှာ
အရေးကြီးဆုံးသတိထားရမှာက
မိုးထဲရေထဲပွဲသိမ်းတိုက်ပွဲမှာ
ခွချက် ( Chess ) မမိစေဖို့ပဲ --- ။
မညီမညာနဲ့လှမ်းတဲ့လမ်းမှာ -----
တခါတလေလဲကျတာ
ပြန်ထူလို့ရပေမယ့်
ခဏ --- ခဏ လဲကျတာကို
အားမတင်းပဲ အရှက်ပြေ
ချော်လဲရောထိုင်တော့ မလုပ်ပစ်မိစေနဲ့ပေါ့ --- ။
မာရသွန်ဆန်တဲ့ဘ၀လမ်း -----
ယုံကြည်ချက်တခုကိုဆုပ်ကိုင်
အားမာန်တွေကိုတင်းကာ
ဆက်ကာလှမ်းနိုင်မှ
ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်နိုင်မယ်ပ --- ။

                                   ဇာနည်မောင်

Monday, August 9, 2010

“ ပြောင်းလဲခြင်း ”



လူ့ဘ၀ဇတ်ခုံဆိုတာက
လှေနံဓါးထစ်နည်းတွေနဲ့
ဘယ်အရာမျိုးကိုမဆိုပုံသေတွက်ထားလို့မရ
လှုပ်ရှားမှုတွေရှိနေရင်
ပြောင်းလဲမှုတွေရှိနေတတ်ကြလို့
အရာရာဟာပြောင်းလဲတတ်တာသဘာဝ --- ။
ရေရှည်ဘ၀အရေး
အရာရာကိုကြိုတွေထားပေမယ့် ( ဥာဏ်မှီသလောက်ပေါ့ )
တခါတလေ --- တချို့နေရာတွေမှာ
မထင်မှတ်ထားတာလေးတွေနဲ့တွေ့ကြုံတဲ့အခါ
အခြေအနေအရ
ပြုပြင်ပြောင်းလဲပစ်ရသပ --- ။
အတွေးအခေါ်ရှိတဲ့လူသားတွေ
ကမ္ဘာကြီးကိုဆုပ်ကိုင်ကာ
ထင်သလိုမလုပ်ပစ်နိုင်ကြပေမယ့်
ယောင်္ကျားမိန်းမတို့အင်အားတွေကိုပေါင်းစုလို့
မြေပြင်ရဲ့အတိဒုက္ခတွေကို
အောင်မြင်တဲ့သီးနှံ့တွေအဖြစ်
ပြုပြင်ပြောင်းလဲပစ်နိုင်ကြတယ် --- ။
ဆိုးညစ်တဲ့အတိတ်ဇတ်လမ်းတွေကိုမြေမြုပ်
ဒဏ်ရာတွေကိုအခါခါပြန်မပွတ်မိစေဖို့
တချို့သောအနာဟောင်းတွေကို
ပြတိုက်ထဲကိုပို့ပြစ်ကြစို့ --- ။
ဟောဒီ --- ဘ၀လမ်းကြမ်းမှာ
ပန်းတိုင်ဆီရောက်အောင်
ဇွဲ၊လုံ့လ၊၀ရိယတွေကို
စွဲမြဲယုံကြည်စိတ်တွေနဲ့ဆုပ်ကိုင်
အခက်အခဲတချို့ကြုံတွေ့တဲ့အခါ
ပြောင်းလဲသင့်တဲ့နေရာပြောင်းလဲပစ်ကာ
မနားတမ်းပဲဆက်လှမ်းနေရင်
ပြောင်းလဲခြင်းဆိုတဲ့စနစ်တခုရဲ့ပန်းတိုင်
မကြာမှီမှာလှလှပပမြင်ရတော့မှာ --- ။

                        ဇာနည်မောင်

ဗိုလ်ချုပ်အောင်ဆန်း သီချင်း

Saturday, August 7, 2010

“ အတိတ်ကဒဏ်ရာ ”


မေ့မရနိုင်ဘူး -----
တပြည်လုံးအုံကြွ
နှစ်ဆယ့်ခြောက်နှစ်ကျော်ကြာ
တပါတီအာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုကို
ငြိမ်းချမ်းစွာဆန္ဒပြတော်လှန်ခဲ့ကြ
ကိုယ့်ပြည်ကို ကိုယ်ပြန်ညှင်းလို့ပေါ်လာခဲ့တဲ့
ထောင့်သုံးရာငါးဆယ်ပြည့် အရေးတော်ပုံကြီးပါ့ ---့ ။
အဲ့ဒီအရေးတော်ပုံကြီးတုန်းက -----
ဒီမိုကရေစီဆိုတာ
အရိပ်အမြွက်လောက်ပဲသိ
လက်ရုန်းဆန့်တန်းကာ ပါဝင်တော်လှန်ခဲ့ပေမယ့်
အေးချမ်းတဲ့အရိပ်ကိုစွန့်ခွါ
လတွေနှစ်တွေလွန်
အသိုက်အမြုံတွေတစစီကွဲကာလာခဲ့ပြီးမှ
တိုင်းပြည်ကိုအောင်းကောင်းလုပ်နေတယ်ဆိုတဲ့
တပ်မတော်ရဲ့သဘောထားအမှန်တွေကို
လက်တွေ့အတွေ့အကြုံတွေနဲ့သိခဲ့တယ် --- ။
တသွေးတသန်တမိန့်ရဲ့အောက်မှာ -----
နောင်မျိုးဆက်တွေပါဆက်ကာ
အကြောက်တရားမလွှမ်းမိုးစေဖို့
ရေရှည်အတွက်ကြည့်ကာ
ကိုယ်ပိုင်အသိနဲ့တော်လှန်ကြစို့ --- ။
တပြည်လုံးအတွက်အရေးတော်ပုံဆိုတာက -----
တခန်းရပ်ပြဇတ်မဟုတ်ခဲ့လို့
ပွဲပြီးမီးသေတော့ မဖြစ်စေနဲ့ပေါ့
ကန့်လန့်ကာ မကျစေနဲ့အုံးလေ
ကြေကွဲဖွယ်ဇတ်လမ်းမှ မဆုံးသေးပဲ --- ။
မျက်နှာဖုံးတွေကို ဆွဲဆုတ် -----
သိုးရေခြုံထားတဲ့ဝံပုလွေတွေကိုရှုတ်ချ
အတိတ်ဆိုတာ အရိပ်လိုလိုက်ပါနေလို့
ငါ့မင်းငါ့ချင်းလုပ်ချင်တဲ့ သူတွေအတွက်
မကြာသေးတဲ့အတိတ်က
အရိုးတွေနဲ့သွေးတွေကိုဖေါ်ထုတ်ကာ
ရူးချင်ယောင်ဆောင်ချင်သူတွေကို
သက်သေအဖြစ်ပြရမှာ --- ။
အာဏာကိုသေနတ်ပြောင်းကထုတ်တဲ့အစိုးရကတော့ -----
ပြည်သူလူထုရဲ့သဘောဆန္ဒတွေကိုအလေးမထား
လက်တလုံးခြားလိမ်ညာမှုတွေနဲ့
ထာဝစဉ်အမြဲ ကြောက်ကန် ကန်ကာဆက်မိုက်သွား
လာလေပြီဟေ့ --- လာလေပြီ
အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက်
ပြည်သူတွေကိုယ်ပိုင်အသိနဲ့ယှဉ်ကာ ညီညွတ်ပါလို့
မကြာမှီအောင်ပွဲတွေဆင်တော့မည် --- ။

ဇာနည်မောင်
၂၂ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး အမှတ်တရ

Sunday, August 1, 2010

Test

`သစ္စာ´



အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတ၀က်မှ
ပေးဆက်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှန်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့ ဟောဒီကမ္ဘာမြေရဲ့
အနာတရတွေကို စွမ်းသမျှ ကုစားဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။

(၂၀ဝ၇ ဩဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)