
တခါတလေလည်း …
အတိတ်က … အဆိုး … အကောင်းအဖြစ်အပျက်တွေကို
ပစ္စုပ္ပန်နဲ့အနာဂတ်မှာသင်ခန်းစာယူ ပြုပြင်နိုင်ဖို့အတွက်
ပြန်လည်တွေးတော သုံးသပ်ကြ
ဒါဟာ … သဘာဝ … ။
တခါတရံမှာ …ငယ်စဉ်တောင်ကျေး
ကလေးအရွယ်မရှိမရှား ဆင်းရဲသားမိဘတွေကို
အသစ်အဆန်းတွေ့တိုင်းလိုချင်ဇောနဲ့ ပူဆာလွန်းတော့
အမေပြောတဲ့ စကားက …"ကိုယ့်အထက်ကိုချည်းပဲ မကြည့်နဲ့
ကိုယ့်အောက်ကိုလည်း ပြန်ကြည့်အုံး
ကိုယ့်လောက် မဝတ်နိုင်မစားနိုင်တဲ့သူတွေ တပုံကြီးပဲ " တဲ့
သြော် … မှန်လိုက်တဲ့ ၁၃၀၀ပြည့်ဖွားမွေးမိခင်ရဲ့
ဥပမာပေး စကားတခွန်းပါ့
အခုအချိန်အထိ မေ့မရ … ။
ဒီလိုနဲ့ ဆက်လက်ကြီးပြင်း …
ဘဝတိုက်ပွဲတွေ ဝင်ရင်းဘဝတက္ကသိုလ်ကို ရောက်တော့
သတင်းဌာနတခုက လွှင့်လိုက်တဲ့
လူထုခေါင်းဆောင် ဒေါ်စုရဲ့ရဲရဲတောက်မိန့်ခွန်း
စကားတခွန်းက …"ကိုယ့်အောက်ကို မကြည့်ကြပါနဲ့
ကိုယ့်အထက်ကိုပဲ ကြည့်ကြပါ
ကိုယ့်ထက်သာတဲ့သူတွေဘယ်လိုကြိုးစားကြလဲ၊
ဘယ်လို လုပ်ကိုင်ကြလဲဆိုတာသူတို့လုပ်တာကို ကြည့်ပြီး ကြိုးစားကြပါ"တဲ့
သြော့့်  မှန်လိုက်တဲ့လူထုခေါင်းဆောင်ရဲ့စကား
နားထောင်သူပရိဿတ်တွေရဲ့မနောတွေ ရွှင်လျ၊
စိတ်ဘဝင် ရွှင်မြသြဘာလက်ခုပ်သံတွေ သောင်းသောင်းဖျ
ရေဒီယိုကတဆင့် ကြားရသူ ငါ့မှာယခုအချိန်အထိအဲ့ဒီစကားကို မေ့မရ …
အဲ့ဒီ … အဲဒီ …ဖြတ်သန်းမှုချင်းမတူအမြင်ချင်းမတူတဲ့
စကားကြီးနှစ်ခွန်းကိုမေ့မရတဲ့
ငါ့မှာ …ယခုအချိန်အထိ
အခြေအနေ အချိန်အခါအရ
လိုက်နာကျင့်သုံးနေဆဲပါ … ။
၆၊ ၆၊ ၂ဝဝ၇ နေ့လယ် ၁ နာရီ ၃ဝ မိနစ်
မှတ်ချက် - ဤကဗျာဖြင့် ၆၊ ၁ဝ၊ ၂ဝဝ၃ တွင် ဘဝတပါးသို့ ပြောင်းသွားသည့် ၁၃ဝဝ ပြည့်ဖွား အမေ နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ်ဂုဏ်ပြု၍ ရေးသားပါသည်။
No comments:
Post a Comment