Sunday, May 22, 2011

ပြည်သူ့ဘက်ကရပ်တည်ပါ

အကြိမ်ကြိမ်အခါခါပြန်စဉ်းစားကြည့်တယ်
အပေါ်ယံလား၊တကယ်လား
ပြုပြင်ပြောင်းလဲရေးလား
စကားလုံးလောက်ပဲပြောင်းလဲတာလား
ရာဇ၀င်တွေထုဆစ်
ကျန်ရစ်ခဲ့မယ့်သမိုင်းစာမျက်နှာတွေမှာ
လက်ရေးလှအောင်တော့ထားရစ်ခဲ့ပါ --- ။
စက္ကူကျားလား၊တကယ့်ကျားလားဆိုတာ
ကိုယ့်ကိုကိုယ်မသိ
ကန့်လန့်ကာနောက်ကွယ်ဝင်ကာ
ကြိုးကိုင်ကာညွှန်ကြားနေတဲ့
မျက်လှည့်ဆရာအလိုကျ
လျှောက်ကာ ကနေရရင်တော့
ဝံပလွေတွေသိုးရည်ခြုံထားတာ
မကြာမှီမှာကွက်ကွက်ကွင်းကွင်းပေါ်လာတော့မယ် --- ။
မျက်နှာဖုံးတွေကိုဆွဲဆုတ်လိုက်
သိုးရည်ခြုံထားတဲ့ဝံပလွေတွေကိုရှုတ်ချလိုက်
အမှားအယွင်းတွေမကင်းခဲ့ပေမယ့်လည်း
ပြည်သူ့ကြားကပေါက်ဖွားလာတဲ့ ပြည်သူ့ရဲသားတယောက်ပေမို့
တတ်စွမ်းသမျှအလင်းရောင်ပေးကာ
ကိုယ့်ပြည်သူတွေကိုအလုပ်အကျွေးပြုနိုင်ဖို့
သင့်နှလုံးသားရဲ့ယုံကြည်မှုနဲ့
ပြည်သူ့ဖက်ကရပ်တည်လိုက်စမ်းပါ --- ။

        ဇာနည်မောင်

Sunday, May 15, 2011

ဥာဏ်အသိနဲ့ယှဉ်တဲ့လမ်း

ယဉ်ကျေးတဲ့ဗမာပြည်သားပီသစွာ
ရှေးလူကြီးသူမတွေဆိုဆုံးမခဲ့တဲ့
ရှေးထုံးတွေကိုလည်းမပယ်ပြစ်ချင်ပါဘူး
ဒါပေမယ့်လည်းဗျာ
အခွင့်အရေးတွေလိုချင်၊ရပိုင်ခွင့်တွေလိုချင်ပြီး
ကြိုးစားအားထုတ်မှုမလုပ်ကြပဲ
ရေလိုက်ငါးလိုက်ပုံစံမျိုးတွေနဲ့
ရေစုန်မျှောလိုက်နေကြတဲ့သူတွေကို ကျုပ်မုန်းတယ် --- ။
တကယ်ပြောတာပါ
အမှားအယွင်းတချို့ရှိခဲ့လည်း
ဦးနှောက်နဲ့နှလုံးသားမျှတအောင်ထားကာ
ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်တတ်ခဲ့လို့
အစွန်းရောက်တဲ့အထိ အလွန်အကျွံမမှားခဲ့
အငြိုးကြီးတဲ့လောကဓံတရားကို စိန်မခေါ်ပေမယ့်
လာခဲ့စမ်းဟဲ့ ဒုက္ခ
လျှို့ဝှက်ချက်တွေ သိပ်မထားပဲ
အောင်မြင်စွာကျော်ဖြတ်သွားပြမယ် --- ။
ဘ၀ကကြမ်းပေမယ့်
ကိုယ်ပိုင်အသိတရားတချို့ရှိခဲ့လို့
စိတ်ထားကတော့နုးညံ့တယ်
ဒါပေမယ့်လည်း
သောတပန်၊ရဟန္တာ၊သူတော်စင်မဟုတ်သေးလို့
ကြမ်းသင့်တဲ့နေရာမှာတော့ကြမ်းတမ်းတယ်
အစွန်းရောက်တယ်လို့တော့မထင်လေနဲ့
အဲ့ဒါက … သဘာဝတရားရဲ့လှည့်ကွက် --- ။
မေတ္တာရှင်တွေကလွတ်လပ်မှုတွေပေးထားရင်
အခွင့်အရေးသမားတွေ
အလွန်အကျွံ့အခွင့်အရေးတွေယူကြလိမ့်မယ်
အာဏာရှင်တွေကလှည့်စားမှုတွေနဲ့
ဥပဒေထိန်းချုပ်မှုများစွာနဲ့ချုပ်ကိုင်ထားရင်တော့
အသိတရားရှိတဲ့အဖိနှိပ်ခံတွေ
လွတ်လပ်မှုတွေလိုချင်ကြလို့
ဖြစ်နိုင်တဲ့နည်းတွေနဲ့
ချကြမယ်၊ကျွကြမယ်
အဲ့ဒီချမယ့်၊ကျွမယ့်လူတွေအထဲမှာ
ကျုပ်လည်းတယောက်အပါအ၀င်ဖြစ်တယ် --- ။
တိုင်းပြည်တွင်းမှာသယံဇာတတွေပေါကြွယ်ဝပါလျှက်နဲ့
နှစ်ရှည်လများခံစားနေရတဲ့
လွတ်လပ်မှုဆိတ်သုဉ်းမှုတွေအပြင်
စား၊၀တ်၊နေမှုအဲ့ဒီသုံးခုတောင်
ပြည့်စုံလောက်ငှအောင်မဖန်တီးပေးထားနိုင်တဲ့
တိုင်းပြည်ကိုနှစ်နေတဲ့ အုပ်စုးသူတွေအောက်မှာ
သန်းကောင်ထက်ညဉ့်နက်မယ့်လမ်းကိုဆက်မလျှောက်ချင် --- ။
နယ်စပ်နေရာမှအစချီ
ကျည်လွတ်မြေဖြစ်တဲ့တိုင်းတပါးကိုရောက်လာလည်း
အမှောင်ကိုထွင်းကာအလင်းကိုပြနိုင်တဲ့
အတွေးအခေါ်အသိအမြင်တချို့ပါလာခဲ့လို့
အမိမြေစစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့
တတ်စွမ်းသမျှပါဝင်ဆောင်ရွက်နေဆဲ --- ။
ပန်းတိုင်နေရာကိုသိနေပေမယ့်
မာရသွန်လမ်းမှာပြေးနေရလို့
ပြေးရင်းအားတွေမွေးထားဆဲ
ဒီခရီးမှာညနက်တွေကိုဖြတ်ကျော်ရလည်း
လမ်းသိကာဇွဲမလျှော့ရင်ရောက်မှာပဲ --- ။

               ဇာနည်မောင်

Tuesday, May 3, 2011

... သာမန်လူ …

နှစ်ရှည်လများခံစားနေရတဲ့
ဒီဒဏ်ရာတွေကို
ကုစားမှုမရှိပဲ
ဘယ်လို --- ပြန်လည်ကောင်းမွန်နိုင်ပါ့မလဲ --- ။
ရင်တွင်းကဝေဒနာတမျိုးတည်းမဟုတ်ပဲ
လက်တွေ့အပြင်ဘ၀မှာပါ
လွတ်လပ်မှုအခွင့်အရေးတွေများစွာ
ဆုံးရှုံးနစ်နာနေတာတွေကိုကြုံတွေ့ခံစားနေရတော့
အနာတရများစွာနဲ့လူသားတယောက်ပေါ့ --- ။
မဖြစ်မနေလုပ်ဆောင်ရမယ့်
ယုံကြည်ရာလမ်းတခုရှိခဲ့ရင်
ထွက်သက်ဝင်သက်ကိုပုံမှန်ရှုရင်း
အဓိကနဲ့သာမညအလုပ်ခွဲခြားကာ
အထိုက်အလျှောက်သတိထားကာကြိုးစားသွားမှာပါ --- ။
ယုံကြည်တာတွေကို
အများတကာကိုချပြရဲပေမယ့်
ဈေးကွက်တင်ကာရောင်းတန်းလုပ်ဖို့
အချိန်ယူစဉ်းစားတွေးတောကာမရေးချင်လို့
အဆင်ပြေသလိုနီးစပ်ရာတွေကိုပဲ
မေတ္တာထားကာမျှဝေသွားမယ် --- ။
သူရဲကောင်းတယောက်မဟုတ်ခဲ့ပါဘူး
နေ့တဓူဝ၊ကိစ္စအ၀၀ကို
အများတကာနည်းတူ
အခက်အခဲတချို့ကိုဝါးမျို
သာယာအေးချမ်းတဲ့ဘ၀မျိုးကိုတည်ဆောက်ဖို့
ငြိမ်းချမ်းရေးအတွက်
ဘ၀တိုက်ပွဲဝင်နေသူတယောက်ပါ --- ။
အတ္တကင်းတဲ့လူသားတယောက်မဟုတ်ခဲ့ပေမယ့်
တဖက်အစွန်းမရောက်စေဖို့
ကိုယ့်ကိုကိုယ်ပြည်လည်သုံးသပ်ကာ
မမျှတတာတွေကိုကြိုးစားကာခ၀ါချခဲ့ --- ။
ပေဖြစ်တုန်းခံ၊တူဖြစ်ရင်နှံ့မယ်ဆိုတာက
အငြိုးအာဃာတတွေပါနေလို့
ဗောဓိသတ္တထုံးကိုနှလုံးမူကာ
ဘ၀ခရီးဖြူးအောင်ဆက်ခဲ့သူပါ --- ။
ဘ၀ပေးအခြေအနေကြောင့်
ရေခြားမြေခြား၊တိုင်းတပါးမှာနေ နေရလည်း
ယဉ်ကျေးတဲ့ရိုးရာဓလေ့ကိုမမေ့
ရောမမှာရောက်နေလို့ရောမလိုကျင့်နေရပေမယ့်
အချိန်ရတိုင်းသတိထားကာ မေတ္တာပွါးလျှက် --- ။

                          ဇာနည်မောင်

Thursday, April 14, 2011

*** ရိုးရာသင်္ကြန်ပွဲ ***

အခွင့်အခါမပေးလို့ ---
စံပျော်ရာအမိမြေမှာမနေရပဲ
ရေခြား၊မြေခြားတိုင်းတပါးမှာ
နေ နေရပေမယ့်
နှစ်သစ်ကူးတဲ့ ရိုးရာဓလေ့
သင်္ကြန်နေ့ကိုတော့မမေ့ --- ။
ဗမာ့ရိုးရာယဉ်ကျေးမှုတွေထွန်းကားတဲ့ -----
မန္တာလာသင်္ကြန်ပွဲကိုမနွဲဖူးပေမယ့်
အမေမွေးကာအမေခေါင်းချတဲ့
အညာမြေသင်္ကြန်နဲ့
မဟာရန်ကုန်သင်္ကြန်ပွဲတွေမှာတော့
ရေလိုက်ငါးလိုက်နွဲခဲ့ဘူးတယ် --- ။
နေ့၊လ၊နှစ်တွေကိုတိုက်စား -------
ရာသီတွေအလီလီပြောင်းကာ
ဇရာတွေအိုစပြုလာခဲ့လည်း
နှစ်သစ်ကူးမယ့်ရိုးရာသင်္ကြန်ပွဲကို
ရောက်လေရာအရပ်မှာ
အပေါင်းအဖော်တွေစုပါလို့
နုပျိုစွာပဲနှစ်စဉ်ဆင်နွဲ --- ။

           ဇာနည်မောင်

Sunday, March 20, 2011

မဆုံးသေးတဲ့လမ်း

နေ့စဉ်နဲ့အမျှ၊အချိန်နဲ့အမျှ
အစဉ်အမြဲပြောင်းလဲနေတဲ့ကမ္ဘာမှာ
အတွေ့အကြုံတွေက
မပြည့်စုံသေးတော့လည်း
အချိန်ရရင်ရသလိုလေ့လာသင်ယူနေရတယ်
လေ့လာရေးရဲ့ရန်သူကတော့
ကိုယ့်ကိုကိုယ်ကျေနပ်နှစ်သိပ်နေမှုပဲဖြစ်တယ် --- ။
မီးရောင်ကိုမြင်ကြတဲ့ပိုးဖလံတွေ
ပျော်ရွှင်စွာပျံသန်း၊မိုက်မဲစွာမီးရောင်ကိုတိုးကြပေမယ့်
အသိဥာဏ်ကောင်းရှိတဲ့လူသား
ရေရှည်ဘ၀ရေးအတွက်အကြိမ်ကြိမ်စဉ်းစား --- ။
ကယ်တင်ရှင်တွေ၊ဖန်ဆင်းရှင်တွေမဟုတ်ကြပေမယ့်
ဘ၀တခုမှာ
လေးစားတန်ဖိုးထားရမယ့်သူတွေများစွာရှိခဲ့တယ် --- ။
သူငယ်ချင်းရေ --- --- ---
ငရဲခန်းရောက်မှကောင်းမှုပြုလုပ်မယ့်လူ
အဲ့ဒီလူစကား ယုံစားရင်တော့
အမှားကြီးမှားပေတော့မည် --- ။
လူ့ဘ၀ဇတ်ခုံပေါ်မှာ
တက်ကာ ကဖို့ဆိုရင်တော့
တလွဲတချော်မဖြစ်ရလေအောင်
ကရမယ့်ဇတ်ညွှန်းကိုတော့
ကြိုတင်သိရှိထားဖို့လိုတယ် --- ။
ဘ၀တခုရဲ့လမ်းဟာ
မာယာပရိယာယ်လှည့်ကွက်တွေနဲ့
ရှုပ်ထွေးပွေလီလှတဲ့ သပွတ်အူအလား
လာမယ့်ဘေးပြေးတွေ့ဖို့ ဆိုရင်တော့
အကောင်းဆုံးအတွက်ကိုလည်းမျှော်လင့်ထားပြီး
အဆိုးဆုံးအတွက်လည်း
ကြိုတင်ပြင်ဆင်ထားမှတန်ရာကျမယ် --- ။
အတွေးအခေါ်ကောင်းတချို့
လုပ်ရပ်ကောင်းတချို့ရှိပေမယ့်
ယုံကြည်ချက်မခိုင်မြဲလို့
စွန့်လွှတ်ရင်းနှီးမှုမပြုနိုင်ပဲနဲ
အညှာအတာကင်းမဲ့တဲ့
ဘ၀တ၀က်စံစစ်ဘီလူးတွေကို သွားယှဉ်ရင်
မင်းပဲရှုံးနိမ့်သွားလိမ့်မယ် --- ။
ပွဲပြီးမီးသေယုံကြည်မှုတွေ
မရင့်ကျက်သေးတဲ့အတွေးအခေါ်တွေ
မပြည့်စုံသေးတဲ့အတွေ့အကြုံတွေနဲ့
မခိုင်မြဲတဲ့ယုံကြည်မှုတွေက
အသူရာမမှီဝဲ
မူးယစ်ထုံထိုင်းဆေးတွေမသုံးသော်ငြားလည်း
အယုံသွင်းကာလှည့်ဖြားမှုတွေအောက်မှာ
တွေဝေကာကျဆုံးခဲ့ရရှာတယ် --- ။
အနေအစားချောင်ဖို့အတွက်ဆိုရင်
ကိုယ်ကျင့်သိက္ခာကိုတောင် မထိန်းနိုင်ရှာပဲ
အမိန့်နာခံမှုတခုတည်းအောက်မှာ
တဖက်သတ်အမြင်၊တဖက်သတ်အသိတွေနဲ့
တကိုယ်ကောင်းသမားစေရာကို
တဇောက်ကန်းလုပ်နေကြရတဲ့သူတွေကိုတော့
ဆင်ကန်းတောတိုး လူစားမျိုးလို့ပဲသတ်မှတ်ထားတယ် --- ။
ဖိနှိပ်မှု၊ချုပ်ချယ်မှု
ကန့်သတ်ချုပ်ချယ်မှုတွေအောက်က
ရဲဝံ့စွာရှင်သန်လာခဲ့ရတဲ့အသိတရား
အနင်းခံထားရတဲ့မြက်ပင်တွေအလား --- ။

     ဇာနည်မောင်

Sunday, March 6, 2011

ဘ၀ရဲ့တိုက်ပွဲ

တကိုယ်ကောင်းအတ္တတွေကိုခ၀ါချ -----
အများကောင်းကျိုးသယ်ပို့ဖို့
မိစ္ဆာစစ်ဘီလူးတွေအုပ်ချုပ်မှုအောက်မှာ
ဒီမိုကရေစီခရီးလမ်းဆီ
လျှောက်နေရတဲ့ခရီးလမ်းက မုန်ရီရီပါ --- ။
ဆန္ဒရှိရင်အောင်မြင်ရမယ် -----
အရှုံးမပေးဘူးအမေ့သား --- ။
ကျိန်စာတွေသင့်ခဲ့လို့လား -----
ဝဋ်ကျွေးတွေပဲပါခဲ့လို့လား
ကိုယ်ပျော်ရွှင်ရာအမိမြေမှာ
တတ်စွမ်းသမျှတိုင်းကျိုးပြည်ကျိုးကို
လွတ်လပ်စွာလုပ်ဆောင်ကာနေခွင့်မရတဲ့ဘ၀ --- ။
ဥပဒေအထက်မှာ -----
ဘယ်သူမှမရှိစေရဘူးလို့
ဒင်းတို့တတွေအသံကောင်းဟစ်ထားပေမယ့်
တိုင်းပြည်ရဲ့ဘဏ္ဍာတွေနဲ့
တခြားအထွေထွေအကျိုးအမြတ်တွေအတွက်တော့
အလီဘာဘာနဲ့ခိုးသားငါးရာ
ခိုးဝှတ်လှည့်ဖျားမှုတွေအောက်မှာ --- ။
ကိုယ့်နိုင်ငံအရေး -----
ကိုယ့်အရေးပေမို့မနေသာ
အမှောင်ကိုထွင်းကာ တတ်စွမ်းသမျှအလင်းကိုပြကူရင်း
သေလုမြောမေ့ငရဲနေ့တွေနဲ့ပြည့်နှက်နေတဲ့
ဘ၀တက္ကသိုလ် နရသိန်သို့သာ --- ။
စိုင်ကော်လို့ခြုံပေါ်ရောက်လာတဲ့ -----
အုပ်ချုပ်သူတို့အလိုကျ
ဥပဒေစည်းမျဉ်းတွေနဲ့
မတည်မြဲတဲ့အရာတွေကို
မပြောင်းလဲပဲနေအောင်လုပ်ဆောင်နေကြတော့
ကြောင်တောင်တောင်ရူးနှမ်းနှမ်းအုပ်စိုးသူတွေပဲပေါ့ --- ။
သိုးရည်ခြုံထားတဲ့ဝံပုလွေ -----
မိစ္ဆာစစ်ဘီလူးအလိုကျ
သဘာဝအတိုင်းရေစုန်မျှောကာလိုက်နေရင်တော့
ငါးရာ့ငါးဆယ်ဇတ်တော်ထဲက
ဟင်္သာကိုးသောင်းလို
ကျုပ်တို့ဘ၀တွေ လုံးပါးပါးချေတော့မည် --- ။
အာဏာကိုသေနတ်ပြောင်းကထုတ်နေကြတဲ့ -----
မမျှတတဲ့မင်းဆိုးမင်းညစ်တွေရဲ့လက်အောက်မှာ
ကိုယ်ပိုင်အသိနဲ့မကြောက်တရားတွေမွေး
ကိုယ့်ရပိုင်ခွင့်အခွင့်အရေးအတွက်
ကိုယ်တိုင်ရဲဆေးတင်ကာ သပိတ်မှောက်တိုက်ပွဲဝင်ကာမှ
ကျုပ်တို့တောင်းတနေကြတဲ့
ဒီမိုကရေစီခေတ်ကိုရောက်ပေတော့မည် --- ။

                 ဇာနည်မောင်



Saturday, February 26, 2011

ပြောင်းလဲခြင်း

အမှန်တရားအတွက်
ယုံကြည်ရာလမ်းတွေရှိခဲ့ပေမယ့်
ကယ်တင်ရှင်ကိုရှာမတွေ့နိုင်တော့
ကိုယ်ဟာ --- ယုံကြည်ရာဘာသာမဲ့တယောက်ဖြစ်ရတော့မှာလား --- ။
ကျွန်ုပ်နေထိုင်တဲ့ ဒီလောက
ပြဿနာပေါင်းသောင်းခြောက်ထောင်မက
ရှုပ်ထွေးပွေလီဆန်းပြားလှသပါ့ --- ။
အလိုမပြည့်နိုင်တဲ့ အတ္တတွေနဲ့
ဟောဒီလောကသားတွေရဲ့ဒုက္ခ
ကယ်တင်ရှင်တွေမျက်ကွယ်ပြုကာ
ဥပေက္ခာပြုထားတာကတော့ရင်နာစရာပါ့ --- ။
မဆုံးနိုင်သေးတဲ့မနက်ဖြန်တွေအတွက်
ဟောဒီလောကရဲ့အတိဒုက္ခတွေကိုရင်ဆိုင်ဖို့
သူငယ်ချင်းရေ --- ဥာဏ်ကိုမှီခို
ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဆင်ဖို့
သွေးချင်းညီကြသူတွေလက်တွဲကာ
အရာရာတိုင်းကို အခြေအနေ
အချိန်အခါအရခေတ်နဲ့အညီ
ပြုပြင်ပြောင်းလဲနေထိုင်သွားတာကအကောင်းဆုံးပဲပေါ့ --- ။

        ဇာနည်မောင်

Thursday, December 23, 2010

“ အနိုင်းမဲ့ခရစ်တော် ”

ဧဒင်ဥယျာဉ်ကြီးထဲမှာပေါ့ --- --- ---
အာဒံနဲ့ဧ၀တို့က
စာတန်ရဲ့လှည့်ဖျားစကားကိုယုံစား
မစားရဆိုတဲ့အပင်က အသီးကိုစားမိလို့
ကောင်းကင်ဘုံကနှင်ချခံရကာ
ထာဝရအသက်ရှင်ရေးတွေဆုံးရှုံးခဲ့ရတယ် --- ။
မေတ္တာတရားကြီးမားလှတဲ့ အဖဘုရား --- --- ---
တဦးတည်းသောသားတော်
သခင်ရေရှု့ကိုကမ္ဘာမြေပေါ်ကိုစေလွှတ်
ထာဝရအသက်တာတွေပြန်ရစေဖို့အရေး
ခရစ်တော်ကလမ်းပြပေးခဲ့ကာ
လက်ဝါးကပ်တိုင်မှာ
သံမှိုနှက်ခံကာ
အားလုံးရဲ့ကိုယ်စားပေးဆပ်ခဲ့တယ် --- ။
အပြစ်ရှိလို့လူဖြစ်လာကြတဲ့ --- --- ---
လောကသားတွေရဲ့ဒုက္ခတွေကိုကယ်တင်ဖို့
ဒီကမ္ဘာမြေပေါ်ကိုနောက်ထပ်တကြိမ်
ရေရှုခရစ်တော်ပြန်လာလိမ့်ဦးမယ် --- ။

                          ဇာနည်မောင်
( ထာဝရဘုရားသခင်ရဲ့ကောင်းချီးတော် လောကသားတိုင်းအပေါ်ကျရောက်နိုင်ပါစေ --- အာမင် )

Thursday, December 16, 2010

“ မငြိမ်းချမ်းတဲ့ဘ၀လမ်း ”

ပစ်ချက်တွေကများနေပေမယ့်
အဓိကပစ်မှတ်ကိုမထိသေးဘူး
ခရီးတွေလျှောက်နေပေမယ့်
ပန်းတိုင်ကိုမရောက်သေးဘူး
ပစ်မှတ်တခုကိုမှန်အောင်ပစ်ဖို့အတွက်
ဘယ်လောက်တောင်အချိန်ယူလေ့ကျင့်ရမှာလဲ
လမ်းခရီးဆုံးအောင်လျှောက်ဖို့
အားမာ၊ဇွဲတွေအပြည့်ရှိနေပေမယ့်
ဥာဏ်နဲ့ဝိရိယတွေထပ်ပေါင်းထည့်ရဦးမယ် --- ။
ကိုယ့်ရာဇ၀င်ကောင်းအောင်
ကိုယ်တိုင်လုပ်ရပ်ကအဓိကဖြစ်လို့
ငါ --- ငါ --- ငါ ဆိုတဲ့
တကိုယ်ကောင်းအတ္တအစွဲတွေကို
ကိုယ်ပိုင်အသိတရား
လေ့လာမှုတွေနဲ့ခ၀ါချကာ
အများတကာနဲ့သဟဇာတဖြစ်အောင်
ကိုယ်နုတ်အမှုအယာတွေကိုပါဆက်ထိန်းရဦးမယ် --- ။
နိုင်ငံရေးသမားတယောက်
ပညာရှိတယောက်မဟုတ်ပေမယ့်
ရှိစုမဲစု၊ကိုယ်ယုံကြည်ရာအသိအမြင်တစု
မှိုတက်ချစားကာ
စိတ်ထဲမှာပဲမပုပ်သိုးသွားရလေအောင်
လက်လှမ်းမှီသူတွေကိုချပြကာ
ဗဟုသုတအဖြစ်မျှဝေမယ် --- ။
လိုချင်တာတွေကိုအေးချမ်းစွာရယူဖို့အတွက်
တတ်စွမ်းသမျှတော့
လေ့လာနေဆဲ --- --- ---
သင်ယူနေဆဲ --- --- ---
ကြိုးစားနေဆဲပါပဲ
ယုံကြည်ထားတယ်
တချိန်တည်း၊တထိုင်တည်း
တခါတည်းနဲ့အကုန်မရနိုင်ပေမယ့်
တဆင့်ခြင်း --- တဆင့်ခြင်း ဖြေးဖြေးပေါ့ --- ။
ရပ်တန့်မနေတဲ့ဆန္ဒတွေများစွာရှိနေတယ်
အဲ့ဒီအတွက်လည်းလှုပ်ရှားနေတယ်
အာရှ၊ဥရောပ
အာဖရိက၊အမေရိကတို့က
အခြေအနေရေမြေတွေမတူညီကြပေမယ့်
တူညီတဲ့လိုလားတောင့်တမှုတခုတော့
အားလုံးမှာကိုယ်စီရှိကြလိမ့်မယ်
ရှည်ရှည်ဝေးဝေးဆက်တွေးမနေပါနဲ့
မတူညီတာတွေကညှိယူလို့ရတယ်
ဒါပေမယ့် --- အဲ့ဒီအတွက်ကိုလည်း
တိုက်ပွဲအရံတော့ အသင့်ပြင်ထားသင့်တယ် --- ။

                ဇာနည်မောင်

Monday, December 13, 2010

“ လှုပ်ရှားမှု ”

အခြေအနေအရ
ပျော်ရာမှာမနေရ
တော်ရာမှာနေရလည်း
နေ့စဉ်ပဲ မမေ့ပါမမြဲ --- ။
မွေးဖွားကြီးပြင်းခဲ့ရာ
အမိမြေအရေးကိုယ့်အရေးပေမို့
အာဏာရှင်စနစ်ဆိုးကို
ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့တွန်းလှန်ဖို့
နည်းအမျိုးမျိုးနဲ့ကြိုးစားရာမှာ
တတ်စွမ်းသမျှပါဝင်ကာတော်လှန်နေတယ် --- ။
လှုပ်ရှားမှုတွေရှိနေသမျှ
ပြောင်းလဲမှုတွေရှိနေလိမ့်မယ်
သေချာတာတခုက
ပြည်သူလူထုရဲ့ဆန္ဒတွေကို
ရေရှည်တားဆီးထားနိုင်တဲ့
ဘယ်ဖောက်ပြန်တဲ့အစိုးရမှ
ကမ္ဘာပေါ်မှာမရှိသေးလို့
သွေးခြင်းညီတဲ့အင်အားစုတွေကိုစု
ဒုတိယအကြိမ် မြန်မာ့လွတ်လပ်ရေးအတွက်
ကျုပ်တို့ရဲ့ ဆန္ဒတွေကို
နည်းအမျိုးမျိုးနဲ့ဝိုင်းပြကြရင်
အာဏာရှင်ယန္တယားပျက်သုံးကာ
ဒီမိုကရေစီလူ့ဘောင်ဆီရောက်မှာ --- ။

               ဇာနည်မောင်

Sunday, December 12, 2010

“ လှည့်ကွက် ”

ခရီးမသိလို့လမ်းလွဲနေတာလား -----
မလျှောက်လိုပဲမရောက်တာလား
ဒါမှမဟုတ် --- --- ---
မိစ္ဆာလူဆိုးတွေကပဲ
လမ်းလွဲအောင်လွှဲထားလေသလား
သေချာတာတခုက
တခုခုတော့လွဲချော်နေလို့ပါ --- ။
ငယ်ငယ်တုန်းကလို -----
အဖေနဲ့အမေ့ရင်ခွင်ကိုတိုးဝင်ကာ
လိုချင်တာကိုမရတော့တဲ့ ဒီအချိန်မှာတော့
တခါတလေအစွန်းရောက်မှုတွေကို
ဘ၀ပေးအသိနဲ့ခ၀ါချပြစ်ပါလို့
တရားနည်းလမ်းကျ
မျှတတဲ့အခွင့်အရေးတွေပဲလိုချင်တယ် --- ။
တလမ်းသွားအတွေးအခေါ်ပိုင်ရှင် -----
ဘ၀တ၀က်စံမိစ္ဆာလူဆိုးတွေကတော့
တင်းကျပ်တဲ့ဥပဒေတွေထုတ်
ဒီမိုကရေစီအရေခြုံကန့်လန့်ကာနောက်ကွယ်ကနေ
ဘီလူးဆိုင်းတီးပေးကာ
မင်းသားအက ကခိုင်းဖို့ကြိုးစားနေလေရဲ့ --- ။

              ဇာနည်မောင်

Monday, December 6, 2010

“ အမိနိုင်ငံအရေး ”


ဖြတ်သန်းလာခဲ့ရတဲ့ဘ၀လမ်းက -----
လူ့ဘ၀သက်တမ်းရဲ့
ဇရာတ၀က်ကျော်လောက်ခရီးရောက်လာခဲ့ပေမဲ့
အခုအချိန်အထိ ---------
အခက်အခဲတွေကိုဝါးမျိုနေရတုန်းပဲ --- ။
အသိမကြွယ်သေးတဲ့ ခလေးအရွယ်က -----
စာပေတွေထဲကသူရဲကောင်းတွေ
တန်ခိုးရှင်တွေကိုအားကျခဲ့သပ
မြန်မာ့ရာဇ၀င်တွေထဲက
ဘုရင့်နောင်လိုသူရဲကောင်းကို သဘောကျပေမယ့်
လက်မကိုသံမှိုနှက်ကာ
နောက်မတွန့်သူကိုမှသာ
သူရဲကောင်းအဖြစ်ရွေးချယ်ခဲ့လို့
အဲ့ဒီအချက် (လက်မကိုသံမှိုနှက် ) ကိုအစွန်းရောက်တယ်ထင်ခဲ့ --- ။
ဒီမိုကရေစီပန်းတိုင်ကိုလျှောက်တဲ့နေရာမှာတော့ -----
စိတ်ထဲရှိတာတချို့နဲ့
အပြင်ဖက်ကဖြစ်ရပ်တချို့ကကွာခြား
ယုံကြည်ချက်နဲ့၊ရည်မှန်းချက်မဲ့လွန်းကာ
လေ့လာမှုအားနည်းလွန်းတဲ့
စုန်ပြူးလိုလူသားများကြောင့်အခက်သား --- ။
ပျော်ရာမှာမနေတော်ရာမှာနေရပေမယ့် -----
ကိုယ့်နိုင်ငံအရေး၊ကိုယ့်အရေးလိုသဘောထားကာ
အမိမြန်မာပြည်စစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့အရေး
တတ်စွမ်းသမျှပါဝင်ကာ
သွေးချင်းညီသူတွေနဲ့လက်တွဲ
ရှေ့ခရီးရောက်အောင်ဆက်ချီနေမှာ --- ။
အာဏာရှင်ဆိုတဲ့တံတိုင်းကိုကျော်ဖို့လှေကားထောင် -----
အဲ့ဒီလှေကားကိုခိုင်အောင်လုပ်တဲ့အခါ
သစ်တချောင်းပဲဖြစ်စေ
သံတချောင်းပဲဖြစ်စေ
မညီတာတွေကိုဖြတ်ဖို့အတွက်
လွှတချောင်းပဲဖြစ်စေ
တခုခုအဖြစ်ပါဝင်ပေါင်းစပ်ကာ
အမိမြန်မာပြည်အရေးကို
စိတ်ဝင်တစားပူးပေါင်းပါဝင်ဆောင်ရွက်နေမယ် --- ။

                       ဇာနည်မောင်
မှတ်ချက် --- ( ထောင့်သုံးရာပြည့်ဖွား အမေ ဘ၀တပါးသို့ ပြောင်းသွားခြင်း ၇ နှစ် နဲ့ ၂ လပြည့် အမှတ်တရ )
အမေ ကောင်းရာသုဂတိလားပါစေ ......................

Thursday, December 2, 2010

“ ဝေဒနာ ”

ဘယ်အချိန်ကိုရောက်မှ
လွတ်မြောက်နိုင်ပါ့မလဲ
အကြောက်တရားတွေပေးကာ
ဖိနှိပ်အုပ်ချုပ်သူတွေလက်အောက်မှာ
လွတ်လပ်စွာပြောခွင့်မရလို့
ကြောက်ရွံ့ခြင်းမှကင်းဝေးရာ
အသိတရားတချို့ကို မပြောရဲလို့
ရေငုံနုတ်ပိတ်ဘ၀မျိုးနဲ့နေခဲ့ရ --- ။
တင်းကျပ်တဲ့ဥပဒေတွေနဲ့
ပြောဆို၊ရေးသား
စည်းရုံခွင့်တွေကိုပိတ်ထားလေတော့
ရင်မှာခံပြင်း
လူသာရှင်နေပေမဲ့
ဘ၀သေနေတဲ့
လွတ်လပ်မှုတမ်းချင်း
ဝေဒနာတခုကို
ကျုပ်တို့ကိုမွေးတဲ့ မြန်မာပြည်တွင်းမှာ
ခံစားနေခဲ့ရတာ နှစ်ပေါင်းအလီလီကြာခဲ့သပါ့ --- ။

    ဇာနည်မောင်

Wednesday, November 10, 2010

“ အကြောက်တရားနဲ့အတ္တ ”

ယုံတမ်းမဟုတ်တဲ့ဖြစ်ရပ်
အတ္တကြီးတဲ့အာဏာပိုင်စိုးသူတို့ရဲ့လုပ်ရပ်
ဒီမိုကရေစီလို့ကြွေးကြော်ကာ
စည်းရှိကမ်းရှိဆိုပြီး
ဘာပဲလုပ်လုပ်အမိန်နာခံရမယ်ဆိုတဲ့
ပုံစံခွက်ထဲထည့်သွင်းမယ့်စည်းမျဉ်းဥပဒေတွေကို
ဗိုလ်ချုပ်မှုးကြီးအလိုကျ
မကြာခင်မှာချမှတ်ရတော့မယ်ပါ့ --- ။
ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုတဲ့စကား
အာဏာကိုဆက်ချုပ်ကိုင်ကာ
ပြည်သူတွေကိုအကြောက်တရားပေးဖိနှိပ်နေဦးမယ့်
အာဏာပိုင်အသိုင်းအ၀ိုင်းတစုအတွက်တော့
တကယ်မပါခဲ့ပါလား --- ။
လာမဲ့ဘေးပြေးတွေ့ဖို့
အငြိုးကြီးတဲ့မိစ္ဆာတွေနဲ့ရင်ဆိုင်ဖို့ဆို
တခါတလေမှာကြောက်နေတတ်လို့
ဥာဏ်သတိနဲ့ယှဉ်ကာရင်ဆိုင်ရမယ်
အာဏာကိုသေနတ်ပြောင်းကထုတ်နေကြတဲ့
ဒင်းတို့တတွေရဲ့ဖိနှိပ်မှုတွေကို
အချိန်နဲ့ယုံကြည်မှုဆိုတဲ့အင်အား
အဲ့ဒီနှစ်ခုပေါင်းစုပြီး
တဗိုလ်ကျတဗိုလ်တက်နဲ့
ပြည်သူ့ဒုတ် ( တုတ် ) နဲ့ရိုက်ထုတ်လိုက်ရင်
အကြောက်တရားနဲ့အုပ်ချုပ်နေသူတွေအဖို့
ပြေးစရာမြေကရှားသွားလိမ့်မယ် --- ။
ဘ၀ဖြတ်သန်းမှုတွေကရလာခဲ့တဲ့
ဒီအသိတရားတစုကို
အမိမြန်မာပြည်ဒီမိုကရေစီရေးအတွက်
ကိုယ်ပိုင်အသိဥာဏ်သုံးကာ
ဖိရင်ကြွမယ် --- ထိရင်ချမယ်ဆိုတဲ့
ပြည်သူ့အင်အားကိုယုံကြည်စွာနဲ့
အဝေးတမြေရောက်လာမှ
သိလာခဲ့ရတဲ့ကျနော့ အသိတရားတစုကို
လက်လှမ်းမှီသမျှ အများတကာကိုချပြရင်း
မြန်မာ့ဒီမိုကရေစီရေးအတွက်
ကျရာအခန်းမှာနိုင်ရာတာဝန်ကိုထမ်းကာ
ဆက်လက်တိုက်ပွဲဝင်နေမယ် --- ။

                   ဇာနည်မောင်

Monday, November 1, 2010

“ ခက်တယ် ”

မမျှတတဲ့အတ္တတွေကို
ကိုယ်ပိုင်အသိနဲ့ပြန်မျိုချနေရပေမယ့်
အတ္တကြီးလွန်းသူတွေအတွက်ကတော့
သူတို့ရဲ့ကိုယ်ပိုင်အတ္တတွေကို
ပြန်မျိုချနိုင်ဖို့အတွက် ခက်တယ် --- ။
အခက်အခဲတချို့ကိုဝါးမျိုခဲ့ရလို့
တည်ငြိမ်တဲ့သွေးသစ်နဲ့
ဆင်ခြင်မှုပဲ့ကိုင်ဦးနှောက်တွေရှိခဲ့ပေမယ့်
စိတ်ထဲရှိတာတွေနဲ့
အပြင်ဖက်ကလက်တွေ့ဘ၀တွေကကွာခြားနေတော့
စိတ်သွားတိုင်းကိုယ်မပါ
ထင်သလိုမဖြစ်ရတော့ ခက်တယ် --- ။
သယံဇာဝပေါကြွယ်ဝ
ဥတုသုံးလီနဲ့ ယဉ်ကျေးမှုထွန်းကားတဲ့မြန်မာပြည်ကို
မိစ္ဆာစစ်ဘီလူးတွေမင်းမူနေတော့
အခွင့်အရေးများစွာဆုံးရှုံး
တိုင်းပြည်ကလည်းဆင်ရဲ့တွင်းထဲထိုးကျ
တချို့လူတွေဆို “ အူမမတောင့်ကြတော့လို့
သီလတောင်မစောင့်နိုင် ” ကြတော့ ခက်တယ် --- ။

              ဇာနည်မောင်