Sunday, October 31, 2010
Saturday, October 30, 2010
Wednesday, October 20, 2010
“ အစဉ်လိုက်ဖြစ်စဉ်များ ”
တနေ့ထက်တနေ့
တိုးတက်လာနေတဲ့ဒီခေတ်ကြီးထဲမှာ
အာဏာရှင်လက်တဆုပ်စာလူတစုက
မတရားတဲ့အမိန့်တွေထုတ်
ဥပဒေစည်းမျဉ်းတွေကို
ပြင်ချင်သလိုပြင်
ရေးချင်သလိုရေးပြီး
သူတို့တတွေစိတ်တိုင်းကျဖြစ်ကာ
ထာဝစဉ်နောင်ရေးအေးနေစေဖို့အရေး
ကိုယ့်ပြည်သူကို ကိုယ်ပြင်ညှင်းပါလို့
အညွှန့်ချိုးပစ်တာဟာ
မေတ္တာတရားခေါင်းပါးလွန်းတယ် --- ။
နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့တဲ့အချိန်ကတောင်မှ
ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်
အကျိုးရှိမယ့် သူရဲ့ကောင်းတွေကို
ပြုစုပျိုးထောင်မွေးမြူခဲ့တယ်
ကိုယ့်နောက်ကျောကိုယ်မလုံတဲ့
ဒီခေတ်ရဲ့ အာဏာရှင်တွေကတော့
အနေအစားချောင်ဖို့ကိုအဓိကကြည့်ပြီး
ခိုင်းတာလုပ်ကာ
ခံမပြောတဲ့လူတွေကိုပဲ
သူတို့ယန္တယားလည်ပတ်နိုင်ဖို့အရေး
အခွင့်အရေးအနည်းငယ်ပေးကာလက်သပ်မွေးခဲ့တယ် --- ။
မကျေနပ်တာတွေကို
ရေးချရမယ်ဆိုရင်တော့
အချိန်အများကြီးယူကာ
စာမျက်နှာတွေအများကြီးမရေးချချင်လို့
လိုရင်အချက်ကိုပဲရေးရမယ်ဆိုရင်
စစ်အစိုးရလုပ်ရပ်တွေဟာ
သူ့လူတစုသာအဓိကကောင်းစားရေးတွေဖြစ်နေလို့
စိတ်ကောင်းမွေးပြီးတွေးတာတောင်
ယုံကြည်မရဖြစ်နေတယ် --- ။
အမှောင်ထဲမှာတသက်လုံးမနေနုင်ရင်တော့
အတိတ်ဆိုတာတွေက
အရိပ်လိုလိုက်လာနေတတ်လို့
မင်းတို့ရဲ့အရိပ်မှန်ဟာ
အလင်းနဲ့တွေ့ရင်ပေါ်မှာပဲ --- ။
ကိုယ့်ပြည်တွင်းကလုပ်ရပ်၊ဖြစ်ရပ်တွေကိုတောင်
လက်တစုပ်စာလူတစု ( အာဏာရှင်ခေါင်းဆောင်ပိုင်းအုပ်စု )
နောက်လိုက်တချို့မှအပ
တခြားနိုင်ငံသားအများစုနဲ့
တကမ္ဘာလုံးကမယုံကြည်ပဲ
သံသယတွေများစွာဖြစ်နေတာကိုတောင်
မျက်နှာပြောင်တိုက်ကာ
ဆင်သေကိုဆိတ်သားရည်နဲ့ဖုံးတဲ့နည်းနဲ့
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲကို
ဇွတ်အတင်းပြုလုပ်ပါလို့
ဥာဏ်နီဥာဏ်နက်
ဥာဏ်တွေကိုအရောင်အမျိုးမျိုးဆိုးကာ
ကိုယ့်ပြည်ကို ကိုယ်ပြန်ညှင်းပြီးတဲ့နောက်
ကမ္ဘာကြီးကိုပါဆက်လှည့်စားလိမ့်အုံးမယ် --- ။
ဇာနည်မောင်
Tuesday, October 5, 2010
“ ဒဏ်ရာတချို့နဲ့အသိ ”
ဒဏ္ဍာရီထဲကနေ့တွေ
ရက်စွဲကျော်ကာရေးမှတ်ခဲ့ပေမယ့်
ဘ၀တသက်တာမှတ်တမ်းပေမို့
တိုက်ဆိုင်မှုတွေကြုံတိုင်း
သတိရနေဆဲ ငါ့မှာအမြဲ --- ။
နှစ်လများစွာကျော်လွန်ခဲ့လို့
တချို့သောအရာတွေ
ပြောင်းလဲသစ်လွင်သွားခဲ့လည်း
ဒဏ်ရာတွေနဲ့ရေးခြစ်ခဲ့တဲ့
စာသားတွေကတော့အရင်အတိုင်းပဲ --- ။
တနေ့သော်ဖြစ်လာလိမ့်နိုးနဲ့
တတ်စွမ်းသမျှကြိုးစားရုန်းကန်ရင်း
အသိတရားတချို့ရရှိလာခဲ့ပေမယ့်
မိစ္ဆာတို့ရဲ့လှည့်ဖျားဖိနှိပ်မှုအောက်မှာ
အနာတရနဲ့ဒဏ်ရာတွေကတော့
ပိုတိုးပိုဆိုးလို့သာလာခဲ့တယ် --- ။
လက်တဆုပ်စာလူတစုနဲ့
မျက်ကန်းနောက်လိုက်တချို့လောက်သာ
ကောင်းစားဖို့အတွက်သာပရိယာယ်ဆင်ကာလုပ်နေတဲ့
ထုတ်ပြန်ကြေငြာချက်ရဲ့နောက်ကွယ်က
အကျိုးစီးပွားတွေကိုသိနေတော့လည်း
သွေးချင်းညီသူတွေလက်တွဲ
အရိပ်မိုးခံနေရသူတွေကိုအလင်းပြ
ပြည်သူ့အင်အားလှုပ်ရှားမှုနဲ့ပဲ
စနစ်သစ်တခုကိုပြောင်းယူရမယ် --- ။
ဇာနည်မောင်
Saturday, September 25, 2010
“ ခရီးမှာ ”
ငြိမ်းချမ်းတဲ့ဘ၀အခြေအနေတွေရဖို့
ကံစီမံရာကိုချည်းပဲ
ရေစုံမျှောကာလိုက်နေလို့မရတော့ဘူး
အသိဥာဏ်ရှိတဲ့လူသားတွေဆိုတော့
ဘ၀ဇတ်ဆရာစေရာကို
သူ့အလိုကျအမြဲမလိုက်ပဲ
ကိုယ့်အလိုပါပြည့်ရအောင်
ဥာဏ်သတိနဲ့ယှဉ်ကာရင်ဆိုင်ရတော့မယ် --- ။
Wednesday, September 22, 2010
“ ပန်းတိုင် ”
ယုံကြည်ချက်နဲ့သွားတဲ့လမ်း
တခါတလေမှာခရီးကြမ်းပေမယ့်
ဇွဲမာန်တင်းကာလှမ်းနေရလို့
ငိုချင်ပေမယ့်မငိုဘူး
ကြွေချင်ပေမယ့်မကြွေဘူး
ဒုက္ခအခက်အခဲ
အန္တရာယ်တွေကိုရင်ဆိုင်ဖို့လည်း
အဆင်သင့်ပဲ --- ။
တထောက်နားတဲ့မောပန်းချိန်မှာ
ချွေးစို့စို့ကိုသုတ်
ရှေ့ခရီးစဉ်အတွက်စဉ်းစားကာ
တတ်နိုင်သမျှအားကိုတင်းပါလို့
ခရီးဆုံးရောက်တဲ့အထိ
မလျှော့တဲ့ဇွဲနဲ့ဆက်လှမ်းနေမှာ --- ။
ဇာနည်မောင်
Tuesday, September 21, 2010
“ ဘ၀ရဲ့ပုစ္ဆာ ”
စိတ်ထဲရှိတာတွေနဲ့
အပြင်ဖက်ကလက်တွေ့ဘ၀တွေကကွာခြား
တခါတလေမှာ
လိုချင်တာတွေကိုရယူဖို့
တရစ်ပြီးတရစ်နဲ့
အခက်အခဲတွေကို
ဝါးမျိုခဲ့ရတာတွေလည်းရှိခဲ့သား --- ။
ကိုယ်ယုံကြည်ထားရာတွေအားလုံးဟာ အပြစ်ကင်းတဲ့
အမှန်တရားတွေချည်းမဟုတ်ခဲ့ပေမယ့်
ချော်လဲရောထိုင်အရှက်ပြေလုပ်ကာ
သိရက်နဲ့ဆက်မိုက်နေသူတယောက်တော့မဟုတ်ခဲ့ --- ။
သားလိမ္မာတွေရဲ့လမ်းဟာ
မဖြောင့်ဖြူးတာများခဲ့ပေမယ့်
စိုင်ကော်လို့ခြုံပေါ်ရောက်ခဲ့တဲ့
သာဓကမျိုးတွေလည်းရှိခဲ့ဘူးတယ် --- ။
ပြဿနာအခက်အခဲတွေကိုမလိုချင်ပေမယ့်
ရုန်းရင်း၊တိုက်ရင်း၊ဆွေးနွေးရင်းနဲ့အဖြေရှာမှ
ဘ၀ပုစ္ဆာတခုရဲ့
အဖြေမှန်ကိုရမယ်ပါ့ --- ။
လွတ်လပ်စွာအစာရှာဖို့အတွက်
အသိုက်အမြုံကနေထွက်ခွါ
အဲ့ဒီအချိန်မှာ ခဲမှန်ခဲ့တဲ့ငှက်
အသိုက်ဆီပြန်ဖို့အင်အားမရှိတော့တဲ့အခါ
နီးစပ်ရာအကောင်းဆုံးနေရာမှာပဲ
လုံခြုံစွာမှေးစက်ဖို့ အိပ်တန်းဝင်ရမယ် --- ။
ဇာနည်မောင်
Wednesday, September 8, 2010
“ ရပိုင်ခွင့်များ ”
သာမန်လူသားတယောက်ရဲ့ဘ၀ -----
အဆင်မပြောတာတချို့ရှိခဲ့လို့
တခါတလေမှာ
အခက်အခဲတချို့ကိုဝါးမျိုခဲ့ရ
နောင်လည်းကြုံရအုံးမယ်ပါ့ --- ။
လှုပ်ရှားမှုတွေရှိလို့ -----
ပြောင်းလဲမှုတွေလည်း
အမြဲရှိနေတယ်
မတည်မြဲတဲ့အရာတွေအတွက်
ဘယ်အရာကိုမှ
သေကောင်ပေါင်းလည်း
တမ်းတမက်မောမှုမျိုးတွေမရှိခဲ့ပေမယ့်
အမိမြေကိုတော့လွမ်းတယ် --- ။
စား၊၀တ်၊နေမှု အဲ့ဒီသုံးခု -----
ပြီးပြည့်စုံရုံနဲ့မရောင့်ရဲနိုင်တဲ့
အတ္တများနဲ့လူသားတွေရဲ့ဘဝ
လိုချင်တာတွေကိုရယူဖို့
အခက်အခဲတချို့ကိုထပ်ကာ ၀ါးမျိုရအုံးမယ်ပါ့ --- ။
ရောမရဲ့ကျွန်စနစ်ကို -----
စပါတာကတ်ဦးဆောင်ပြီးတော်လှန်ခဲ့တယ်
မြန်မာ့ပဒေသရာဇ်စနစ်ကတော့
နယ်ချဲ့အင်္ဂလိပ်ရဲ့လက်ထဲ
သီပေါမင်းပါတော်မှုကာ
ပျက်သုဉ်းခဲ့ရတယ်
ကျုပ်စကားလုံးတချို့ဟောင်းပေမယ့်
အားမာန်တွေအပြည့်နဲ့
မကြောက်တရားတချို့ပါတယ် --- ။
မြန်မာပြည်ကိုဖျက်နေတဲ့ -----
စစ်ဘီလူးတွေရဲ့လက်အောက်မှာတော့
ခိုင်းတာလုပ်၊ခံမပြောနဲ့ပဲ
သမိုင်းဦးဘုံမြေခေတ်မှ
ယနေ့ခေတ်အချိန်အခါအထိ
သက္ကရာဇ်တွေက တဖြေးဖြေးတိုက်စား
အပြောအဆိုအနေအထိုင်နဲ့
လူနေမှုစနစ်တွေပါ
ခေတ်အလိုက်စနစ်အလိုက်ပြောင်းလဲလာခဲ့
လက်ရှိကျနော်တို့ခေတ်မှာတော့
ကိုယ့်အခွင့်အရေးကိုယ့်ရပိုင်ခွင့်တွေကို
ဖြစ်နိုင်တဲ့နည်းလမ်းတွေရှာကြံကာ
ရဲရဲတောင်းဆိုရဲဖို့ပဲ --- ။
ဇာနည်မောင်
Monday, September 6, 2010
“ ဘ၀ခရီးလမ်း ”
မာရသွန်ဆန်တဲ့ -----
ဘ၀လမ်းပေါ်ကဘ၀ကြမ်းများ
ရုန်းကန်မှုတွေနဲ့ အလွန်ပင်ပမ်း --- ။
တချို့သူတွေက ဘ၀ခရီးအတွက် -----
ဥာဏ်ပညာတွေနဲ့ ရင်နှီးကြတယ်
တချို့သူတွေက ဘ၀ခရီးအတွက်
မာယာတွေနဲ့ ရင်းနှီးကြတယ်
တချို့သူတွေက ဘ၀ခရီးအတွက်
--- တွေနဲ့ရင်းနှီးခဲ့ကြတယ် --- ။
လောကီသားတွေရဲ့ -----
မငြိမ်းချမ်းတဲ့အတိဒုက္ခတွေကို
ထာဝရဘုရားသခင်က
ဥပေက္ခာပြုထားလေရော့သလား !!!
အပြန်ပြန်အလှန်လှန်ကျုပ်ပြန်စဉ်းစား
စဉ်းစားမရပါလား --- ခက်သား --- ။
ဒီကမ္ဘာမြေပေါ်မှာပေါ့ဗျာ -----
သေဖို့ထက် --- နေဖို့ခက်ခဲ့ပေမယ့်
ဘ၀ဆိုတာက ရုန်းကန်မှုတခုပေမို့
အင်အားတွေစိုက်ကာ
ရှေ့ကိုဆက်လှမ်းရအုံးမပေါ့ --- ။
ရောင်းရင်း --- မိတ်ဆွေ -----
အပေါင်းအသင်း --- သူငယ်ချင်းတို့ရေ
ကျုပ်တို့တတွေဟာ လူသားတွေပေမို့
လက်ရှိဘ၀ကိုတိုးတက်ဖို့
ရိုင်းပင်းကူညီကာ
အဖြေမှန်တခုကို ရှာကြစို့ --- ။
အငြိုးကြီးလှတဲ့ ကံကြမ္မာရယ် -----
ဝဋ်ကြွေးတွေရှိခဲ့ရင်လည်း
ဒီမျှနဲ့ပဲ ကျေပါစေလေ
အပြစ်ရှိလို့လူလာဖြစ်တဲ့
လူသားတယောက်ရဲ့ဆုတောင်းစကား
ထာဝရဘုရားသခင်ကြားရင်
ကူညီဖေးမလေမလား
စဉ်းစားမရပါလား --- ခက်သား --- ။
လက်ရှိပဋိပက္ခတွေကိုဖြေရှင်းဖို့ -----
ကယ်တင်ရှင်ကိုချည်းပဲအားမကိုးချင်တဲ့ ကျနော်
သွေးချင်းညီသူတွေနဲ့ လက်တွဲ
တယောက်နဲ့ တယောက်
အပြန်အလှန်ဖေးမကာ ကူညီပါလို့
ဘ၀လမ်းခရီးကို ရဲရဲဆက်ချီမယ် --- ။
ဇာနည်မောင်
၆.၉.၂၀၁၀
*** ၁၃၀၀ ပြည့်ဖွား အမေ ဒေါ်တင်မြင့် ဆုံးသည့် ၆ နှစ်နှင့် ၁၁ လပြည့် အမှတ်တရ ***
( ကျေးဇူးရှင် အမေ ကောင်းရာသုကတိလားပါစေ )
Thursday, September 2, 2010
Wednesday, August 25, 2010
“ အလွမ်းရင့် ”
ပျော်ရာမှာမနေရ -----
တော်ရာမှာပဲနေရတဲ့ ဘ၀ပေမို့
အချိန်တိုင်းနီးပါး
အမိမြေကိုလွမ်းတယ် --- ။
အတွေ့အကြုံတွေက -----
မပြည့်စုံသေးပေမယ့်
မျှတတဲ့လွတ်လပ်မှုတွေကိုတော့
လူသားတိုင်းပဲလိုလားကြတယ် --- ။
အာဏာနဲ့ငွေက -----
လူကိုဖျက်တယ်ဆိုတဲ့စကား မှန်လေသလား
ကျုပ်တို့တိုင်းပြည်မှာတော့
ဘ၀တ၀က်စံ
စစ်ဗိုလ်ညစ်တွေက
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
ပုံစံမျိုးတွေနဲ့
ပြည်သူတွေကိုအမျိုးမျိုး
အယုံသွင်းကာလှည့်စား
လာပြန်ပြီဟေ့ ---
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲတဲ့ --- ။
ပြည်သူ့နှလုံးကိုသိမ်းကျုံးမယူပဲ -----
ဒင်းတို့လူတွေအနိုင်ရရေးအတွက်
အချိန်သိပ်မပေးကာ
ဒရောသောပါးလုပ်မယ့်
မျှတမှုလုံးဝမရှိတဲ့ရွေးကောက်ပွဲ --- ။
အမိန့်အာဏာတွေနဲ့ -----
အလိမ်အညာတွေအောက်မှာ
ပေတုံးလိုပဲလှိမ့်ခံနေရတဲ့ပြည်သူတွေ
အသွင်ပြောင်းကာတူပြန်ဖြစ်ဖို့
နှစ်ပေါင်းဘယ်လောက်များတောင်
ဆက်ကာအထုခံနေရအုံးမှာလဲ --- ။
တကယ်ပြောတာပါ -----
ဆွေမျိုးသားချင်းတွေနဲ့
ထမင်းလက်ဆုံအတူပြန်စားနိုင်ဖို့အတွက်
ရှိသမျှ၊သိသမျှ
ကိုယ်စွမ်းဥာဏ်စွမ်းတွေနဲ့
အခုအချိန်မှာတော့
မြန်မာ့ဒီမိုကရေစီအရေးကို
တတ်စွမ်းသမျှ နိုင်တဲ့ဖက်က
တတ်စွမ်းသမျှ နိုင်တဲ့ဖက်က
အဝေးကနေပဲ ပါဝင်ကူညီနေတယ် --- ။
ဇာနည်မောင်
Tuesday, August 24, 2010
“ ယုံကြည်ရာလမ်း ”
အသိဥာဏ်ရှိတဲ့လူသားတွေရဲ့ဘ၀ -----
ဒေါင်ကျကျ၊ပြားကျကျ
လွတ်လပ်စွာနဲ့
အသက်ရှင်နေထိုင်နိုင်ဖို့က အဓိက --- ။
စားဝတ်နေမှု -----
အဲ့ဒီသုံးခု
ပြည့်စုံနေလည်း
ပြောဆို၊ရေးသား
လွတ်လပ်စွာသွားလာခွင့်မရရင်လည်း
အသက်ရှင်လျှက်နဲ့
ဘ၀ဟာ --- အကြောက်တရားတွေကြောင့်
သေနေရတာနဲ့အတူတူပဲ --- ။
ကျိန်စာတွေကြောင့်လား -----
ဝဋ်ကြွေးတွေကြောင့်ပဲလား
ပျော်ရာမှာမနေရ
တော်ရာမှာနေရတဲ့ဘ၀ --- ။
အညာမြေမှာမွေးတဲ့ -----
ထောင့်သုံးရာပြည့်ဖွား အမေ့ရဲ့စကား ---
သား - ကိုယ်တိုင်အရွယ်ရောက်ကာ
ဘ၀တိုက်ပွဲတွေကိုဝင်ရမှပဲ
အမှန်တရားတွေချည်းပဲဆိုတာ သိလာခဲ့တယ် --- ။
လုပ်ချင်တာတွေ -----
ဖြစ်ချင်တာတွေများနေလွန်းလို့
တခါတလေမှာလည်း
အသေးအမွှားအရာတွေကို
ဥပေက္ခာပြုကာ
လစ်လျှူရှု့ခဲ့ရတယ် --- ။
လူတွေနဲ့ပေါင်းသင်းဆက်ဆံ -----
ပြောဆိုဆက်ဆံတဲ့အခါမှာ
တခါတလေမှာအခြေအနေအရ
အလိမ်အညာတချို့သုံးခဲ့ရပေမယ့်
ခိုင်မာတဲ့ယုံကြည်ချက်တခုအတွက်ဆိုရင်တော့
ခေါင်းလည်းမာတယ်
ဒူးလည်းတောင့်တယ်
လက်လည်းမမြှောက်ပဲ
အုတ်နံ့ရံကိုတူနဲ့ ထုဖြိုဖို့စိတ်ပဲ
အမြဲတမ်းမွေးထားတယ် --- ။
ဇာနည်မောင်
Monday, August 23, 2010
“ ဒဏ်ရာ ”
ခရီးတွေကမဆုံးသေးဘူး -----
ဘ၀အတွေ့အကြုံကောင်းတချို့ရလာတဲ့အချိန်မှာ
ဦးနှောက်နဲ့နှလုံးသားကို
မျှတအောင်ထားတတ်လာကာ
အမှားနဲ့အမှန်ကို
ကိုယ်ပိုင်အသိနဲ့ခွဲခြားလာတတ်ခဲ့တယ် --- ။
ဆယ်ကျော်သက်ကအမှားတခုကို -----
နှစ်ဆယ်ကျော်အရွယ်မှပြန်သိ
အဲ့ဒီနှစ်ဆယ်ကျော်ကအမှားကိုလည်း
သုံးဆယ်ကျော်မှပြန်သိတဲ့
နုံချာသူတယောက်ရဲ့သမိုင်း
အမြဲတမ်းဆက်မမှားအောင်
ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ဖို့တော့လိုတယ် --- ။
ဒဏ်ရာအနာတရများနဲ့ဘ၀ -----
တခါတလေမှာ ဒဏ်ရာတွေကိုပွတ်သပ်
ဟောင်းသွားတဲ့ အသစ်
ပြယ်သွားတဲ့ ရနံ့
ပြစ်သွားတဲ့ ချစ်သူတို့က
ထိုင်လွမ်းနေစရာတွေမဟုတ်လို့
ခရီးလမ်းပဲဆက်ကာလှမ်းမယ် --- ။
မညီမျှတဲ့လောကဓံတရားကို -----
အန်တုကာစိမ်မခေါ်ခဲ့ပေမယ့်
မြေပြင်ရဲ့အတိဒုက္ခတွေကို
ယောင်္ကျားမိန်းမတို့ရဲ့စွမ်းပကားတွေနဲ့
ဝိုင်းဝန်းကာပြုပြင်ပြောင်းလဲနိုင်ဖို့
သွေးချင်းညီကြသူတွေနဲ့ပေါင်းစည်းလို့
တတ်စွမ်းသမျှကောင်းကျိုးပြုခဲ့တယ် --- ။
ဆိုးညစ်လှတဲ့အတိတ်အကြောင်းတွေကို -----
ပြန်ကာတွေးလိုက်ရင်တော့ မနေ့ကလိုပါပဲ
ဒဏ်ရာဆိုတာက့ 
ဘ၀အတွက်တွန်းကန်အားပေမို့
အရှုံးတွေနဲ့ဆက်ကာမမှားရအောင်
အားမာန်သစ်တွေနဲ့ရှေ့ဆက်ချီမယ် --- ။
ဘုရားသခင်ရဲ့အလိုတော်မရှိသေးလို့ -----
ပြဿနာတွေထွေပြားလှတဲ့ ဒီကမ္ဘာမြေမှာ
မှားပြီးရင်းမမှား
အမှားတွေထပ်မမှားရအောင်
စိတ်ဓါတ်ကို ဆယ်တန်းအောင် အောင်ထားပြီး
ပြောဆိုဆက်ဆံ
ပြုမူလုပ်ဆောင်သွားမယ် --- ။
ဇာနည်မောင်
Thursday, August 19, 2010
“ နှစ်ထောင့်တဆယ်ရွေးကောက်ပွဲ ”
နီးလာပြီလေ -----
ယူနီဖောင်းချွတ်
စစ်ဗိုလ်တွေကိုပဲ
အနိုင်ရအောင်လုပ်ကာ
အာဏာပြန်လွှဲပေးမယ့်
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲ --- ။
အခုအချိန်မှာ -----
တချိန်တုန်းက
မျှော်လင့်ချက်နဲ့
ဝင်ပြိုင်ကြမယ့်သူတွေတောင်
အချိန်နဲ့ငွေကြေး
အလုံအလောက်မဖြစ်ကြသေးလို့
ငြီးကြငြူကြ စာတင်ကြနဲ့
အယုံအကြည်မရှိတော့လို့
ဝင်မပြိုင်တော့ပဲ
နုတ်ထွက်သူတောင်မှပဲ
နုတ်ထွက်သွားကြတယ် --- ။
အသံတွေလည်းကြားနေရတယ်
လက်တွေ့မြင်သူတွေလည်းမြင်နေကြတယ်
အရည်ခွံချွတ်တွေခေါင်းဆောင်တဲ့
ကြံ့ဖွံ့ပါတီကို
အနိုင်ရအောင်လုပ်မယ့်ပွဲ --- ။
ယခုပြိုင်မယ့် -----
ဒီပွဲမှာက
ပြည်သူ့နှလုံးကို
မစည်းရုံးနိုင်လည်း
စစ်ခေါင်းဆောင်တွေရဲ့နောင်ရေး
ရတက်အေးရအောင်
ကိုယ့်လူကိုကိုယ်အနိုင်ရအောင်ပြန်လုပ်ပေးကာ
ကွာကွယ်ရေးဦးစီးချုပ်အလိုမကျရင်
အာဏာပြန်သိမ်းခွင့်ရှိတယ်ဆိုတဲ့
နှစ်ထောင်ရှစ်ဖွဲ့စည်းပုံနဲ့
ကျင်းပပြုလုပ်မယ့်
တရားမမျှတဲ့ရွေးကောက်ပွဲ --- ။
ဇာနည်မောင်
Monday, August 16, 2010
“ တုန့်ပြန်မှုအဖြေ ”
အတိတ်ဟောင်းကို -----
ပြန်တမ်းတတာတော့မဟုတ်
ဒါပေမယ့် ဗျာ
ပြန်အစားထိုးလို့မရတဲ့
အချိန်တွေအတွက်ကတော့
နှမျှောတသ၀မ်းနည်းလျှက်ပါ --- ။
စနစ်ဆိုးရဲ့အောက်မှာပဲ -----
မရှိမရှားဆင်းရဲသားမိသားစုပေမို့
ကျောင်းတက်ကာစ သားတွေကို
အမေဟာမနက်တိုင်းလွယ်အိတ်တွေလွယ်ကာပေးလို့
မုန့်ဖိုးတယောက်ကို ဆယ်ပြားစီပေးခဲ့တာ
အမေ့ကိုလွမ်းတိုင်းသတိရတယ် --- ။
ရေခြားမြေခြား တိုင်းတပါးမှာ -----
မပျော်ပေမယ့် အခြေအနေအရတော့
ပျော်အောင်နေခဲ့ရတယ် --- ။
အာဏာကိုသေနတ်ပြောင်းကထုတ်တဲ့ -----
ယခုခေတ်မိစ္ဆာတွေရဲ့လက်အောက်မှာ
မနေနိုင်ကြတဲ့ အဝေးရောက် အိမ်လွမ်းသူတွေရဲ့
မေတ္တာတွေနဲ့ ကျိန်စာတွေကတော့
ဒင်းတို့အတွက် ၀နေလောက်ရောပေါ့
ပြည်သူ့သဘောထားတွေကို ဥပေက္ခာထား
ထိုင်ခုံမြဲရေးအတွက်ပဲ အဓိကထားနေကြတဲ့
မေတ္တာတရားခေါင်းပါးသူ လူတစုကတော့
သကြားသာသနာခေတ်ပေမို့
ဘ၀မကူးခင် ၀ဋ်ပြန်လည်တော့မယ် --- ။
အတွေးအခေါ်အသိတရားခေါင်းပါးလွန်းလို့ -----
နောက်လိုက်လူရမ်းကား
သူလျှိုတွေမွေးကာ အုပ်ချုပ်နေတဲ့အစိုးရ
အများပြည်သူ မကြည်ဖြူတာသဘာဝမို့
ပြည်သူတွေဒဏ်ပြန်ခတ်တာကို
နောက်ဘ၀မကူးခင်
ဒင်းတို့လူတစု ပြန်ခံရပေတော့မယ် --- ။
ဇာနည်မောင်
Thursday, August 12, 2010
“ အမှောင်ကိုခွင်းတဲ့အလင်း ”
ကိုယ်ပိုင်အတ္တတွေအတွက် -----
လိုချင်တဲ့အရာအားလုံးကိုသိမ်းပိုက်ဖို့
ဥာဏ်ပရိယာယ်တွေဆင်ကာသုံး
တခါတလေမှာလည်း
အင်အားသုံးလို့ဖြိုခွင်းရတာက
မမျှတလွန်းလို့ပင်ပန်းလှသပ --- ။
ကျနော်ဆိုတဲ့ကောင်ကလည်း -----
မလောက်လေးမလောက်စား
မတောက်တခေါက်ပညာလေးနဲ့
မြန်မာ့အရေးကို
တတ်စွမ်းသမျှအကျိုးဆောင်ကူမယ်ဆိုတော့
ပညာရှင်နိုင်ငံရေးသမားတွေကြားရင်
ရယ်သွမ်းစရာပ --- ။
အတွေးအခေါ်ကောင်းတချို့ကိုချီဆောင် -----
ယုံကြည်ချက်တွေခိုင်မြဲနေတော့
မသမာသူတွေရဲ့လှည့်စားမှုတွေအောက်တော့
မရောက်ရေးချ ဘယ်တော့မှမရောက်
လက်ရှိအခြေအနေမှာတော့
ကိုယ်ယုံကြည်ရာတချို့ကို
လက်လှမ်းမှီသူတွေသိအောင်ချပြ
လွတ်လပ်မှုကိုလိုလားသူတယောက်ရဲ့ဘ၀ --- ။
ရေရှည်ဘ၀အရေးမှာ -----
စိတ်အေးအေးလေးနေသွားရအောင်
မမျှတတဲ့အတ္တတွေကို
ပြန်အံထုတ်ရတဲ့အဆင့်အထိမရောက်အောင်
ကိုယ်ပိုင်အသိနဲ့ကြိုတင်ဟန့်တား
နောင်မျိုးဆက်တွေမှာအစွန်းအထင်းမများရစေဖို့
လက်ရှိမှာလည်းမပြင်နိုင်ကြသေးသူတွေကတော့
အနာဂတ်အတွက်သွေးပျက်နေကြမှာပေါ့ --- ။
အများတကာလေးစားကြတဲ့ -----
ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား
“ ရရင်ရမရရင်ချ ” ဆိုတဲ့နောက်ကွယ်မှာ
လိုချင်တဲ့လွတ်လပ်ရေးကိုရယူဖို့
အခြေအနေအချိန်အခါအရ
ပြုပြင်ပြောင်းလဲသင့်တဲ့နေရာမှာပြုပြင်ပြောင်းလဲကာ
မြန်မာ့လွတ်လပ်ရေးရအောင်
ဗိုလ်ချုပ်အောင်ဆန်း အကျိုးဆောင်ပေးခဲ့တယ် --- ။
ဇာနည်မောင်
Tuesday, August 10, 2010
“ မာန် - - - သတိ ”
အကွက်ရွှေ့မှားရင် -----
အစားခံရမယ့်
စစ်တုရင်ပွဲမှာ
အရေးကြီးဆုံးသတိထားရမှာက
မိုးထဲရေထဲပွဲသိမ်းတိုက်ပွဲမှာ
ခွချက် ( Chess ) မမိစေဖို့ပဲ --- ။
မညီမညာနဲ့လှမ်းတဲ့လမ်းမှာ -----
တခါတလေလဲကျတာ
ပြန်ထူလို့ရပေမယ့်
ခဏ --- ခဏ လဲကျတာကို
အားမတင်းပဲ အရှက်ပြေ
ချော်လဲရောထိုင်တော့ မလုပ်ပစ်မိစေနဲ့ပေါ့ --- ။
မာရသွန်ဆန်တဲ့ဘ၀လမ်း -----
ယုံကြည်ချက်တခုကိုဆုပ်ကိုင်
အားမာန်တွေကိုတင်းကာ
ဆက်ကာလှမ်းနိုင်မှ
ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်နိုင်မယ်ပ --- ။
ဇာနည်မောင်
Monday, August 9, 2010
“ ပြောင်းလဲခြင်း ”
လူ့ဘ၀ဇတ်ခုံဆိုတာက
လှေနံဓါးထစ်နည်းတွေနဲ့
ဘယ်အရာမျိုးကိုမဆိုပုံသေတွက်ထားလို့မရ
လှုပ်ရှားမှုတွေရှိနေရင်
ပြောင်းလဲမှုတွေရှိနေတတ်ကြလို့
အရာရာဟာပြောင်းလဲတတ်တာသဘာဝ --- ။
ရေရှည်ဘ၀အရေး
အရာရာကိုကြိုတွေထားပေမယ့် ( ဥာဏ်မှီသလောက်ပေါ့ )
တခါတလေ --- တချို့နေရာတွေမှာ
မထင်မှတ်ထားတာလေးတွေနဲ့တွေ့ကြုံတဲ့အခါ
အခြေအနေအရ
ပြုပြင်ပြောင်းလဲပစ်ရသပ --- ။
အတွေးအခေါ်ရှိတဲ့လူသားတွေ
ကမ္ဘာကြီးကိုဆုပ်ကိုင်ကာ
ထင်သလိုမလုပ်ပစ်နိုင်ကြပေမယ့်
ယောင်္ကျားမိန်းမတို့အင်အားတွေကိုပေါင်းစုလို့
မြေပြင်ရဲ့အတိဒုက္ခတွေကို
အောင်မြင်တဲ့သီးနှံ့တွေအဖြစ်
ပြုပြင်ပြောင်းလဲပစ်နိုင်ကြတယ် --- ။
ဆိုးညစ်တဲ့အတိတ်ဇတ်လမ်းတွေကိုမြေမြုပ်
ဒဏ်ရာတွေကိုအခါခါပြန်မပွတ်မိစေဖို့
တချို့သောအနာဟောင်းတွေကို
ပြတိုက်ထဲကိုပို့ပြစ်ကြစို့ --- ။
ဟောဒီ --- ဘ၀လမ်းကြမ်းမှာ
ပန်းတိုင်ဆီရောက်အောင်
ဇွဲ၊လုံ့လ၊၀ရိယတွေကို
စွဲမြဲယုံကြည်စိတ်တွေနဲ့ဆုပ်ကိုင်
အခက်အခဲတချို့ကြုံတွေ့တဲ့အခါ
ပြောင်းလဲသင့်တဲ့နေရာပြောင်းလဲပစ်ကာ
မနားတမ်းပဲဆက်လှမ်းနေရင်
ပြောင်းလဲခြင်းဆိုတဲ့စနစ်တခုရဲ့ပန်းတိုင်
မကြာမှီမှာလှလှပပမြင်ရတော့မှာ --- ။
ဇာနည်မောင်
Subscribe to:
Posts (Atom)





























